ဘဂ္ဂဒက်၊ သြဂုတ် ၁
အီရတ်နိုင်ငံမြောက်ပိုင်း Salahudin ပြည်နယ်တွင် IS များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၁၃ ဦးသေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ် ရဲတပ်ဖွဲ့က ဇူလိုင် ၃၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
IS အဖွဲ့က Salahudin ပြည်နယ် Yathrib မြို့နယ် ကျေးရွာတစ်ခုတွင် ဈာပန အခမ်းအနားရှိ ပြည်သူများကို တိုက်ခိုက်ခဲ့ပြီးနောက် အနီးရှိစစ်ဆေးရေး ဂိတ်တစ်ခုကို ထပ်မံ တိုက်ခိုက်ခဲ့ရာ လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးဒဏ်ရာရရှိမှု များ ဖြစ်ပွားခဲ့ကြောင်း ၊ ထို့နောက် အင်အားဖြည့်တင်းလာသည့် အီရတ် လုံခြုံရေး တပ်ဖွဲ့က အခင်းဖြစ်ပွားသည့်ဒေသကို တားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့၏တိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ ကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရအရေးယူနိုင်ရန် စစ်ဆေး ဖမ်းဆီးမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း Salahudin ပြည်နယ် အုပ်ချုပ်ရေးမှူး Ammar al-Jaber က အခင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် IS အဖွဲ့ကိုတိုက်ဖျက်မှုမှာ သမိုင်းဝင်အောင်မြင်မှုရရှိခဲ့ကြောင်း အီရတ်က ကြေညာခဲ့သော်လည်း လက်ရှိ အီရတ်နိုင်ငံအတွင်း ကျန်ရှိနေသေးသည့် အစွန်းရောက်များက အခွင့်ကြုံလျှင် တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ မျိုးဝင်း (ref;Xinhua)