ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်း နံဘေးတွင်နေထိုင်သော ဒေသများတွင် မြစ်ရေမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ စစ်တောင်းမြစ်၊ သောင်ရင်းမြစ်နှင့် သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းမြစ်အနီးရှိ မဒေါက်မြို့၊ မြဝတီမြို့နယ်နှင့် ဘားအံမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ရန် အကြံပြုထားသည်။
သဘာဝဘေးအပြင် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကြုံတွေ့နေရသည့် မျိုးကွဲဗိုင်းရပ်စ်များ ပိုမိုကူးစက်မှုမြန်ပြီး ပိုမိုပြင်းထန်သဖြင့် ယခင်က အသက် ၆၀ ကျော်များ သေဆုံးမှုများရှိခဲ့သော်လည်း ယခုအခါ ကျန်းမာသန်စွမ်း သူများပင် သေဆုံးမှုများရှိနေပါကြောင်း၊ တတိယလှိုင်းတွင် ထူးခြားချက်အနေဖြင့် ဆရာဝန်၊ သူနာပြုအင်အား မလုံလောက်မှု များလည်း ကြုံတွေ့နေရပါကြောင်း၊ ယခုတတိယလှိုင်းဖြစ်ပွား နေသည့်ကာလတွင် အောက်ဆီဂျင်လိုအပ်ချက်ပြဿနာ ထပ်တိုးရင်ဆိုင်လာရသည့်အတွက် နိုင်ငံတော်မှ ဝယ်ယူပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ ယခုနိုင်ငံတော်မှကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့်ထိုးနှံရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကိုပါဝင်ကူညီရာတွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် နိုင်ငံတော်မှဖွဲ့စည်းထားသည့် ထိန်းချုပ် တုံ့ပြန်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်တုံ့ပြန်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မြေပြင်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇူလိုင် ၂၈ ရက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အွန်လိုင်း စနစ်ဖြင့် ကျင်းပရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီး၊ ပြည်နယ် (၈) ခုမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းကိုယ်စားလှယ်များက ဒေသအလိုက် ကြုံတွေ့နေရသည့် အခက်အခဲ ပံ့ပိုးပေးရန်လိုအပ်ချက်များကို တင်ပြဆွေးနွေးကြပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲ များကို ကျော်လွှားနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ် ဖြစ်နိုင်ခြေလျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ် တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ထား ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန် ထိရောက်မည်ဟု ဆိုချင်ပါကြောင်း။ ။