ကမ္ဘာ့လူဦးရေသန်းနှစ်ထောင်ခန့်မှာ အာဟာရပြဿနာ တစ်ခုခုကို ခံစားနေကြရပြီး နှစ်စဉ် ငါးနှစ်အောက်ကလေး ၂ ဒသမ ၆ သန်းခန့်မှာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးလျက် ရှိပြီး ယင်းမှာ သေဆုံးသူစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ဖြစ် သည်။ မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့ခြင်းသည် ပြည်သူ့ ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကျေးလက်နေပြည်သူများတွင် ပိုမိုဖြစ်ပွားနေကြောင်း တွေ့ရ သည်။
မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများ မှာ ပရိုတင်းအင်အား ချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအား နည်းရောဂါ၊ ဗီတာမင်အေချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ ရောဂါ၊ ဗီတာမင်ဘီဝမ်းချို့တဲ့(ဘယ်ရီဘယ်ရီ) ရောဂါတို့ ဖြစ်သည်။
အာဟာရချို့တဲ့ခြင်း၏ အဓိကအကြောင်းအရင်းများ မှာ အာဟာရပြည့်ဝသော အစားအစာများကို မစားသုံးရခြင်း၊ မစားသုံးနိုင်ခြင်း၊ ရွေးချယ်မစားသုံးတတ်ခြင်းနှင့် ကျန်းမာ မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းအာဟာရ ချို့တဲ့မှုကို သင့်တင့်မျှတပြီး အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။
ကျေးလက်နေ ပြည်သူများအနေဖြင့် အာဟာရချို့တဲ့ ခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ်နိုင်ရန် မိမိဒေသထွက် အာဟာရအုပ်စု သုံးစုတွင် ပါဝင်သည့် အစားအစာများကို မျှတစွာ စားသုံးရန်လိုအပ် သည်။ နေ့စဉ် စားသုံးသည့် အစားအစာများကို အင်အားဖြစ် စေသော အစာများအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများအုပ်စုနှင့် ရောဂါကာကွယ်စေသော အစာများ အုပ်စုဟူ၍ အုပ်စုသုံးခုခွဲခြားနိုင်သည်။ ကစီဓာတ်နှင့် အဆီ ဓာတ်တို့သည် အင်အားဖြစ်စေသော အစာများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်းကဲ့သို့ အနှံများ ကန်စွန်းဥ၊ ပိန်းဥ၊ အာလူးကဲ့သို့ သော သစ်သီး၊ သစ်ဥ၊ သစ်ဖုများ၊ ပျားရည်နှင့် သကြားတို့ ကဲ့သို့ အချိုစာများ သီးနှံများမှရသည့် ဆီများနှင့် တိရစ္ဆာန် အဆီများတို့မှရရှိနိုင်သည်။
အသားဓာတ်က ခန္ဓာကိုယ်ကြီးထွားစေသည့် အာဟာရ ဓာတ်ဖြစ်ပြီး ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသော ဥအမျိုးမျိုး၊ ကုလားပဲ၊ ပဲစင်းငုံ၊ စားတော်ပဲ၊ ပဲနီလေး၊ ပဲဝါလေး စသည့် ပဲအမျိုးမျိုး အသား၊ ငါး စသည့် အစားအစာများမှ ရရှိသည်။ ဟင်းသီး၊ ဟင်းရွက်အမျိုးမျိုးနှင့် သစ်သီးဝလံအမျိုးမျိုးတို့မှ ဗီတာမင် နှင့် သတ္တုဓာတ်များရရှိပြီး သစ်သီးဖျော်ရည်နှင့် အရည်ရွှမ်း သည့် သီးနှံများမှ ရေဓာတ်တို့ကို ရရှိနိုင်ရာ ၎င်းအာဟာရ ဓာတ်တို့က ရောဂါများကို ကာကွယ်ပေးနိုင်သည်။
ဖော်ပြပါအုပ်စု သုံးစုမှ သင့်ရာကို နေ့စဉ်မျှတစွာ ပါဝင် နိုင်အောင် စားသုံးခြင်းဖြင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်း များက အထူးဂရုပြုစားသုံးခြင်းဖြင့် အာဟာရပြဿနာများ မဖြစ်ပေါ်ရေးအတွက် အထူးဂရုပြုစေချင်ကြောင်း။ ။