နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်

ကြိုတင်ကာကွယ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အဖြစ်များနေသော ကာလဖြစ်ပါသည်။ လူ့ပယောဂကြောင့် ဖြစ်သော ဘေးများကို မဖြစ်ပေါ်အောင် တားဆီး၍ ရကောင်း ရမည်ဖြစ်သော်လည်း သဘာဝပယောဂကြောင့်ဖြစ်သော ဘေးများကို တားဆီး၍ ရနိုင်မည်မဟုတ်ပေ။ သဘာဝ ပယောဂကြောင့် ဘေးအဖြစ်များလာပြီး ဘေးကြောင့် လူ အသက်အိုးအိမ်စည်းစိမ်များ၊ အခြေခံအဆောက်အဦနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးဆုံးရှုံးမှုများလည်း ပိုမို များပြားလျက်ရှိသည်။


သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ် တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့ကြောင့်  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာ နိုင်ငံတွင်လည်း တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်အထိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။


ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဇူလိုင် ၁၉ ရက်က မိုးအဆက်မပြတ်ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် မော်လမြိုင်၊ သံဖြူဇရပ်ကားလမ်းမကြီး နှီးပဒေါကျေးရွာနှင့် ရောင်ဒေါင်းကျေးရွာကြားတွင် ရေနှစ်ပေ ခွဲခန့် မြင့်တက်လျက်ရှိသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ  လေရှီးတွင်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်  ရှမ်း ပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာနှင့်ရပ်ကွက်အချို့ ရေဝင်မှုများ ဖြစ်ပွားလျက်ရှိသည်။


သဘာဝဘေးအန္တရာယ်  လျော့ပါးရေးတွင်  ကြိုတင် ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေး အန္တရာယ် စီမံခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချ ခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်မည် ဖြစ်သည်။


ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုမှာ မိမိအိမ်ပတ်ဝန်း ကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပါ၊ မိသားစုအရေးပေါ် ပြောင်းရွှေ့နိုင်ရန် နေရာများ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ် ထားပါ။ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာများတွင် ထားရှိပါ။ မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေ များကို သိရှိမှတ်သားထားပါ။ သောက်သုံးရေများ ကြိုတင် စုဆောင်းထားပါ။ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိ သည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိရန် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသိပေးထားရာ     လိုက်နာကျင့်သုံး   ဆောင်ရွက်စေချင် ကြောင်း။






အခြားဆက်စပ်သတင်းများ