(ဒေါက်တာလွင်သန့်)
သာမန်လူတစ်ယောက်ဟာ နေ့စဉ် ချောင်းဆိုးရင် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရှိနိုင်ပါတယ်။ ရေသီးတာ၊ အခန့်မသင့်လို့ မကောင်းတဲ့ အနံ့အသက်ရှူရှိုက်မိရင်၊ လေထုညစ်ညမ်းရင် ချောင်းဆိုးတတ်ပါတယ်။ သည်နေရာမှာ ဆေးလိပ်သောက်သူတွေအတွက် နေ့စဉ် ချောင်းဆိုးတတ်ပြီး ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်၊ဘီယာမသောက်ဘဲ ချောင်းပုံမှန်ဆိုးတာ ဖြစ်ခဲပါတယ်။ နောက်တစ်ခုက သွေးပေါင်ထိန်းဆေး အထီနိုလော (Atenolol propanolol) ကြောင့် ညဘက် ချောင်းဆိုးတတ်ပါတယ်။ ဒါကြောင့် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ကာ ဆေးပြောင်းပေးလိုက်ရင် ပျောက်သွားတယ်။
ချောင်းဆိုတာ၊ ဟန့်တာ လူတိုင်း တစ်နေ့ (၁-၂)ကြိမ် ဆိုးတတ်တယ်။ ရေသီးသွားတာ၊ စားစရာထဲ ငရုတ်ရည်ပါပြီး သီးသွားတာ၊ ရေခဲရေသောက်များတာ၊ အစားစုံတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ချောင်းဆို တာ ခုလို COVID-19 ကပ်ရောဂါဖြစ်နေချိန်မှာ လက္ခဏာတစ်ရပ်အဖြစ် ဆိုထားတယ်။ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ COVID-19 လူနာနဲ့ မတော်တဆ တွေ့ဆုံခြင်းရှိခဲ့ရင် တော့ COVID-19 သံသယလူနာအဖြစ် Q (Quarantine) ဝင်သင့်ပါတယ်။
ရေခဲရေ၊ အအေး၊ အချိုရည်ကြောင့် ချောင်းဆိုတာဆိုရင် ရှောင်ကြဉ်ဖို့လိုတယ်။ သွေးပေါင်ကျဆေး (Atenolol) ကြောင့် ဆိုးရင် ဆေးကို အခြားဆေးနဲ့ပြောင်းပေးဖို့၊ ဆေးညွှန်းပေးတဲ့ ဆရာဝန်နှင့် ပြောသင့်တယ်။ ဆေးလိပ်သောက်၊ ကွမ်းစားလို့ ချောင်းဆိုတာဆိုရင် ဆေးလိပ်၊ ကွမ်းဖြတ်ဖို့လိုအပ်ပါတယ်။ ပါးစပ်ချဉ်လို့ ပြန်သောက်တာ၊ ကွမ်းပြန်စားတာ မဖြစ်ရအောင် ချောင်းဆိုးချိုချဉ် (Vick)၊ ချယ်ရီကော့ (Cherry Cough)၊ စတရပ်ဆဲလ် (Streptcel) ငုံပေးသင့်ပါတယ်။
ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်ပြီး ချောင်းဆိုးနေသေးတယ်ဆိုရင် ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်သင့်ပါတယ်။ ဓာတ်မှန်ပါရဂူရဲ့ယူဆချက်အရ အဆုတ်မှာ တစ်ခုခုတွေ့နိုင်ပါတယ်။ အချို့ အဆုတ်တီဘီ (TB)၊ အဆုတ်နာ၊ အချို့ အဆုတ်ကင်ဆာဖြစ်နေရင် သက်ဆိုင်ရာကျွမ်းကျင်သူနဲ့ ဆက်လက်ပြသင့်ပါတယ်။ အဆုတ်မှာမတွေ့ (သို့) တွေ့ခဲ့ရင် သလိပ်စစ်ဆေးကာ စီပီ၊ အီးအက်စ်အာ (CP, ESR) ပိုးမွေးတာတို့ လုပ်ကြည့်ပြီး သင့်တော်တဲ့ ပဋိဇီဝဆေး (Antibiotics) စားပေးသင့်ပါတယ်။
တီဘီကြောင့်ဖြစ်ရင် နေ့စဉ် သလိပ် သုံးရက်စစ်ဆေးကြည့်ပြီး နီးစပ်ရာ ဒေသန္တရပြည်သူ့ဆေးရုံးညွှန်းကာ တိုက်ရိုက်ကြည့်ရှု၊ အချိန်တိုနဲ့ကု (DOTS) ကုသချက်နဲ့ (၆-၈)လကြာ ကုသမှုခံယူသင့်ပါတယ်။ တီဘီဆေး သောက်ရတာ ရှက်စရာ၊ ကြောက်စရာမလိုပါဘူး။ အချိန်မှန်သောက်၊ ညွှန်းတဲ့အတိုင်းသောက်ပေးရင် တီဘီ ရောဂါ ပျောက်ကင်းမှာပဲဖြစ်ပါတယ်။ တီဘီဆေးသောက်ရင် အာဟာရပြည့်အောင် နေတတ်၊ စားတတ်ဖို့ လိုပါတယ်။
အဆုတ်ကင်ဆာကြောင့် ချောင်းဆိုတယ်ဆိုရင် မူရင်းဘယ်ကရောက်လာသလဲ၊ အဆုတ်တစ်ခုတည်းကပဲ ဆိုရင် ဓာတ်ရောင်ခြည်ဌာနသွားရောက်ကာ သွေးစစ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း (Radiotheraphy) ကင်ဆာဆေးသွင်းခြင်း၊ ဟော်မုန်းဆေးပေးခြင်း စတဲ့ ကင်ဆာကုသချက် တစ်ခုမက ခံယူကာ ကုသသင့် ပါတယ်။
ချောင်းဆိုးတာမှာ နာတာရှည်အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်းရောဂါ (COAD Chronic Obstructive Airway Diseace) ဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးလိပ်သောက်သုံးမှုများခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စက်ရုံ၊ အလုပ်ရုံများလာပြီး လူဦးရေသိပ်သည်းလာတာနဲ့အမျှ လေထုညစ်ညမ်းမှုတွေ ကြောင့် အဆုတ်ပွ၊ လေပြွန်ကျဉ်းရောဂါကြောင့် ချောင်းမပြတ်ဆိုးကာ သေဆုံးနေကြရသည်။ နှစ်စဉ် လူဦးရေ ၃ သန်းဟာ COPD ရောဂါနဲ့ သေဆုံးနေကြရပြီး ၂၀၃၀ မှာ လူ ၄ ဒသမ ၅ သန်း ထိ သေဆုံးနိုင်ရန် ခန့်မှန်းကြတယ်။ ၂၀၃၀ ပြည့်နှစ်မှာ လူသားတို့သေဆုံးရတဲ့ တတိယမြောက်ရောဂါဟာ ချောင်းဆိုးခြင်းအခြေခံတဲ့ နာတာရှည်အဆုတ်ပွအသက်ရှူလမ်းကြောင်းကျဉ်းရောဂါကြောင့် ဖြစ်လာနိုင်တယ်။
ချောင်းဆိုးခြင်းဟာ ဆိုခဲ့သလို ဆေးလိပ်သောက်ခြင်း၊ အိမ်တွင်းနှင့် ပြင်ပလေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ လုပ်ငန်းခွင်ဖုန်မှုန့်များ၊ ဓာတုပစ္စည်းများကြောင့်ဖြစ်တယ်။ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စက်ရုံ၊ မော်တော်ယာဉ်များပြားလာမှု၊ မြစိမ်းရောက်သစ်ပင်သစ်တော ရှားပါးမှုတွေ ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် စတဲ့ လေထုညစ်ညမ်းမှုကပိုနေကာ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါ ဖြစ်လာရပါတယ်။ အဆုတ်တွင်းမှာ သေးငယ်တဲ့ လေအိတ်လေးတွေ ပျက်စီးရောဂါ (Emphysema) နဲ့ နာတာရှည်အဆုတ်ပွ လေပြွန်ရောင်ရမ်းရောဂါ (Chronic Bronchitis) တို့ဟာ နာတာရှည်အဆုတ်ပွ၊ လေပြွန်ကျဉ်းရောဂါ ဖြစ်စေတတ်ပါတယ်။
အသက်ရှူခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ သလိတ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူရင် တရွှီရွှီဖြစ်ခြင်းတို့ ရှိတတ်တယ်။ ဆေးလိပ်ကြောင့် ချောင်းဆိုးကြာတတ်တယ်။ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းဖြစ်ပွားသူ တွေဟာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာတို့ ခံစားရနိုင်ပါတယ်။ ရောဂါဖြစ်သူတွေဟာ ဆေးလိပ် သောက်သူများ၊ တစ်ဆင့်ခံ ဆေးလိပ်ရှူသူများ၊ ဆေးလိပ်သောက်လို့ ပန်းနာရင်ကျပ်ရောဂါခံစားရသူများ၊ လုပ်ငန်းခွင်ဖုန်မှုန့်များ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရသူများ၊ လေဝင်လေထွက်မကောင်းတဲ့ အိမ်တွေမှာ ချက်ပြုတ်ရာမှထွက်တဲ့ အငွေ့တွေနဲ့ ထိတွေ့သူများ၊ အသက် ၄၀ ကျော်သူများနဲ့ အယ်ဖာ (၁) အင်တီထရပ်ဆင် Alpha 1 Antitrypson ချို့တဲ့သူတွေ ဖြစ်တတ်တယ်။ ရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေ က ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ အဆုတ်ကင်ဆာဖြစ်ပွားနိုင် ခြင်း၊ အဆုတ်ထံသွေးပို့ဆောင်တဲ့ သွေးလွှတ်ကြောတွေမှ သွေးပေါင်ချိန်မြင့်တက်ခြင်း (Pulmonary Hypetension) နဲ့ စိတ်ဓာတ်ကျခြင်း၊ အိပ်မရခြင်း၊ အမြဲတမ်းစိတ်တို၊စိတ်ဆတ်ခြင်း၊ ပတ်ဝန်းကျင်နဲ့ ဓာတ် မတည့်မှုပိုဖြစ်ခြင်း၊ အထီးကျန်ဆန်ခြင်း ဖြစ်နိုင်တယ်။ ကလေးတွေမှာ ချောင်းဆိုးလို့ စာမလိုက်နိုင်ခြင်း၊ ကျောင်းပျက်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးကျဆင်းခြင်းဖြစ်နိုင်ပါတယ်။
ချောင်းဆိုးခြင်း စတဲ့ အသက်ရှူခက်ခဲလူနာတွေရဲ့ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ဆေးဝါးနဲ့ကုသခြင်း၊ ဆေးဝါးမဟုတ်တဲ့နည်း ဥပမာ-ရေနွေးငွေ့ရှူခြင်းနဲ့ ကုသခြင်း၊ ရောဂါ ရုတ်တရက်ဆိုးရွားလာမှုကို ကုသခြင်းတို့ လိုအပ်တယ်။ ရောဂါကုသရာမှာ ရောဂါလက္ခဏာအခြေအနေ၊ အသက်ရှူစမ်းသပ်ကိရိယာနဲ့ စမ်းသပ်မှုအခြေအနေ၊ ရောဂါရုတ်တရက်ဆိုးရွားလာမှုအခြေအနေနဲ့ အခြား ရောဂါရှိ/မရှိတို့ကို ထည့်သွင်းစဉ်းစား ဆန်းစစ်သင့်ပါတယ်။ အဆုတ်လေပြွန်ကျယ်ဆေး (Salbutumol Inhalation) ဆောင်ထားသင့်တယ်။ ကလေးတွေမှာ အမောက်ဆလင်၊ ဆာဗျူတစ်မော၊ ဘိုင်ဆိုဗင် (Amoxil 250 mg Salbutumol Bvolvin ) တစ်နေ့ သုံးကြိမ်နဲ့ သင့်တော်တဲ့ ချောင်းဆိုးပျောက်ဆေးရည် သုံးကြိမ် (၄ ရက် - ၇ ရက်) သောက်သင့်ပါတယ်။
သေချာတာကတော့ COVID-19 ကပ်ရောဂါကာလအတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ခဲ့ရင် အဖျားစင်တာများကို သွားရောက်ပြသသင့်ပါတယ်။ တာဝန်ရှိသူများ စမ်းသပ် ကြည့်ပြီး လိုအပ်တဲ့ ကုသမှုများ လမ်းညွှန်ပေးတတ်ပါတယ်။ ချောင်းဆိုးခြင်းကို ရေရှည်ကုသပြီး ပျောက်ကင်းအောင် ဆေးသောက်သင့်ပါတယ်။