နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုး ဆောင်ရွက်ရာ

ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက် ခြင်း နှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုးသယ်ပိုး ဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။ ပရဟိတ စိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ဖြစ်သည်။ 


လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ ဘေးဒုက္ခများနှင့် ကြုံတွေ့ရတတ် ပါသည်။ ထိုအခါအများ၏အကူအညီ တစ်စုံတစ်ခုလိုအပ်မည် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသတစ်ခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရပါ သည်။ အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်းစိတ်မြတ် ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရပါသည်။


ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိအပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင် ဖြစ်လာသည်။ ပရဟိတလုပ်ငန်းတို့ဖြင့် လူမှုဘဝဒုက္ခတို့ကို ပြေပျောက်စေနိုင်၏။


ယခုအခါ  မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်းဖြစ်ပေါ် လျက်ရှိပြီး ကူးစက်နှုန်းမြင့်တက်လာသည့်အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတစ်ဝန်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် ဆေးရုံ၊ ဆေးခန်းများ၊ Quarantine Center များ၊ Community Covid Positive Center များ ဖွင့်လှစ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပြုလုပ်ရာတွင်လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အခြားအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများအား သက်ဆိုင်ရာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဆေးရုံ၊ ဆေးခန်း၊ Quarantine Center များနှင့် သက်ဆိုင်ရာနေရာများသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်ကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။


သို့ပါ၍ လူတိုင်းလူတိုင်းသည် အများအကျိုးဆောင်၊ ကိုယ့် အကျိုးအောင်ဆိုသည့် စကားအတိုင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ရောဂါအန္တရာယ်ဘေးမှ ကင်းဝေးစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ