မြန်မာနိုင်ငံတွင် တစ်နေ့တခြား မိုဘိုင်းလ်ဖုန်းများ တွင်ကျယ် ၍လာနေပြီး လူမှုကွန်ရက်အသုံးပြုသူများ သန်းနှင့်ချီ၍ရှိလာ သည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှင့် လူငယ်လူရွယ်များ၊ လူမှုကွန်ရက် တည်ဆောက် ဆက်သွယ်အသုံးချခြင်းကြောင့် ဘဝအတွက် ထိရောက်မည့် အတတ်ပညာ၊ နည်းပညာကို အကျိုးရှိစွာအသုံးချ ကြမည်ဟု မျှော်လင့်ထားကြသည်။ လူမှုကွန်ရက်များကို ကျယ်ပြန့်စွာသုံးစွဲခြင်းသည် ပြည်သူများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှု အတွက် များစွာအထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်နေချိန် တွင် ပြည်သူလူထုအတွင်း စိုးရိမ်မှုများမြင့်မားလျက်ရှိရာ ယင်း အခြေအနေကို အခွင့်ကောင်းယူကာ ကောလာဟလများ၊ သတင်းတု၊ သတင်းယောင်များ၊ သတင်းအမှားများ ထုတ်လွှင့် လျက်ရှိသည်။
လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ကုသ ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာပစ္စည်းများ တင်သွင်း ခွင့် ရပ်ဆိုင်းခြင်းဟူသော ရုံးစာတစ်စောင် ဖေ့ဘုတ်တွင်ပျံ့နှံ့နေ ခြင်းနှင့်အတူ ပြည်သူလူထုအတွင်း၌လည်း စိုးရိမ်ထိတ်လန့်မှုနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာကြသည်။ သက်ဆိုင်ရာ ယင်းရုံးစာ သည် အတုသာဖြစ်ကြောင်း ဖေ့ဘုတ်ပေါ်တွင် သတင်းအမှား တင်ကာ နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ထားကြောင်း သက်ဆိုင်ရာက အချိန်မီသတင်းထုတ်ပြန်ထားသည်။
လူမှုကွန်ရက်များတွင် သတင်းမှား၊ သတင်းတု၊ သတင်းယောင် များကို သုံးစွဲနေမှုသည် တိုးတက်မှုကို ယုတ်လျော့စေသည်။ လူမှုကွန်ရက်သုံးစွဲသူများ တွေ့သမျှသတင်းများအပေါ် ချင့်ချိန် စိစစ်မှုအားနည်း၍ စိုးရိမ်ထိတ်လန့်မှုနှင့် ယုံကြည်မှုကိုပျက်ပြား စေသည်။ ကပ်ရောဂါကာလဖြစ်သည့်အတွက် ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်ပြီး နေ့ရောညပါ ကုသမှုများကို ကြိုးပမ်းဆောင်ရွက်ကြ ရာ အခြေအနေအရပ်ရပ်ကို နေ့စဉ်သတင်းထုတ်ပြန်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ကြံထုတ်လွှင့်သည့် သတင်းတု၊ သတင်းမှားများ လျော့ပါးပျောက်ကွယ်သွားမည်ဖြစ်သည်။
နည်းပညာမြင့်မားလာမှုနှင့်အတူ အားသာချက်၊ အားနည်း ချက်များကို ဆင်ခြင်သုံးစွဲနိုင်သည့် ပြည်သူပြည်သားတို့၏ အသိဉာဏ်များ တိုးတက်စေချင်ပါသည်။ လူမှုကွန်ရက်များက လူအများထိတ်လန့်တကြားဖြစ်စေသည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယို ဖိုင်များလွှင့်တင်၍ ဝါဒဖြန့်လှုံ့ဆော်မှုများသည် အန္တရာယ်ကြီးမား ပေသည်။
သို့ဖြစ်ရာ လောကလူသားတစ်ယောက်အနေဖြင့် အရာရာကို ချင့်ချိန်စဉ်းစား လုပ်ကိုင်တတ်ကြ၍ အကောင်း၊ အဆိုး၊ အကြောင်း အကျိုးတို့ကို ဝေဖန်ပိုင်းခြားသိရှိနိုင်ရန် အစဉ်သဖြင့် နှလုံးသွင်း ဆင်ခြင်စေသင့်ကြောင်း။ ။