မော်စကို ဇူလိုင် ၁၁
မော်စကိုနှင့်နယူးဒေလီတို့အနေဖြင့် Covid-19 ကပ်ရောဂါ ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုစံနမူနာအဖြစ် ကာကွယ်ဆေး နှင့် နိုင်ငံတကာခရီးသွားများအပေါ် ခွဲခြားဆက်ဆံသည့် ဖြစ်စဉ် များအပေါ် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံနိုင်ငံခြား ရေးဝန်ကြီးများက ပြောသည်။
မော်စကိုသို့ အလည်အပတ်ရောက်ရှိ နေသည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တို့က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ရာတွင် Covid ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်နိုင်မည့် အစီအစဉ်များကိုပါ ဖော်ပြခဲ့ခြင်းဖြစ်သည်။
ရုရှား၏ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့သည် ရုရှားထုတ် ကာကွယ်ဆေးကို အိန္ဒိယတွင် ထုတ်လုပ်မှု စတင်ရန် အိန္ဒိယ ဆေးဝါးကုမ္ပဏီကြီးများနှင့် အလုပ်ကိစ္စ ညှိနှိုင်းခဲ့ကြပြီး ဖြစ်ကာ အိန္ဒိယကုမ္ပဏီများအနေဖြင့် စမ်းသပ်သည့်အဆင့် အောင်မြင်စွာ ပြီးစီးပါက အမြောက်အမြား ထုတ်လုပ်မှု စတင်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် သေဆုံးမှု စံချိန်တင်မြင့်မား နေသည့် ဗိုင်းရပ်စ်နောက်ဆုံးလှိုင်းတွင် ရုရှား၏ ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကာ မေလကတည်း က ရုရှားမှ ကာကွယ်ဆေးအသုတ်လိုက် များစွာနှင့် အသက်ရှူ စက်၊ အောက်ဆီဂျင်တိုင်ကီများကို အိန္ဒိယသို့ကူညီခဲ့ခြင်း ဖြစ်သည်။ ရုရှားနှင့်အိန္ဒိယသည် နှစ်နိုင်ငံအချင်းချင်း ဗိုင်းရပ်စ်ကို တွန်းလှန်ရာတွင် ပူးပေါင်းခြင်းမျိုးသာမကဘဲ အခြားနိုင်ငံများ တွန်းလှန်နေရခြင်းကိုပါ ပူးပေါင်းကူညီသင့်ကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။ ရဲခေါင် (ref:Reuters)