မေ ၂၂၊ ဟောင်ကောင်
သွေးထိုးလှုံ့ဆော်မှု၊ ခွဲထွက်မှုနှင့် အစိုးရပျက်စီးစေရန် လုပ်ဆောင်မှုများကို တားမြစ်ပိတ်ပင်နိုင်သည့် လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်မြို့တွင် ပြဋ္ဌာန်းရန် တရုတ်နိုင်ငံက အဆိုပြုခဲ့သည်။
အဆိုပါလုပ်ရပ်ကို ဟောင်ကောင်မြို့ခံများသာမက နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် ဖွယ် ရှိနေသည်။ ပြီးခဲ့သည့်နှစ်ကလည်း ဟောင်ကောင်မြို့တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများ လပေါင်း များစွာ ဖြစ်ပွားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆိုင်းငံ့ထားသည့် တရုတ်အမျိုးသားပြည်သူ့လွှတ်တော်ကို မေလ ၂၂ ရက်က ပြန်ဖွင့်ခဲ့ရာ ဟောင်ကောင်မြို့ လုံခြုံရေးဥပဒေသစ်အကြောင်း ဆွေးနွေးခဲ့သည်။ လုံခြုံရေးဥပဒေသစ်ပြဋ္ဌာန်းရန် အဆိုပြုခြင်းမှာ အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းဟု တရုတ်မီဒီယာက ဖော်ပြသည်။ သို့သော် အဆိုပါ လုပ်ရပ်ကြောင့် ဟောင်ကောင်မြို့ အဆုံးသတ်သွားရလိမ့်မည်ဟု အတိုက်အခံနိုင်ငံရေးသမားများက မှတ်ချက် ပေးကြသည်။
ကွန်မြူနစ်ဝါဒရှိသည့် တရုတ်အစိုးရက ဟောင်ကောင်မြို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တဖြည်းဖြည်းချင်း တိုက်စားနေသည်ဟု ယူဆခြင်းကြောင့် ဟောင်ကောင်ဆန္ဒပြသူများက ယင်းလုပ်ရပ်အပေါ် ထပ်ဖန်တလဲလဲ ဆန္ဒပြခဲ့ကြသည်။ လူထုဆူပူအုံကြွစေနိုင်သည့် အဆိုပြုချက်အရ တရုတ်အစိုးရအနေဖြင့် ဟောင်ကောင်မြို့ ရွေးကောက်ခံအရာရှိများကို ကျော်လွန်နိုင်စွမ်းရှိပြီး အပြောင်းအလဲများလုပ်နိုင်မည်ဟု ရှန်ဟိုင်းမြို့ရှိ ဘီဘီစီသတင်းထောက်က ပြောသည်။
တရုတ်နိုင်ငံက ယင်းတို့၏အဆိုပြုချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမည်ဆိုပါက အမေရိကန်ဘက်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ တရုတ်အစိုးရက ယခုကဲ့သို့ ကြေညာခဲ့ပြီးနောက် ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ဟောင်ကောင်ဒေါ်လာတန်ဖိုး သိသိသာသာ ကျဆင်းခဲ့သည်။
Ref:BBC(KNT)