ဇွန် ၂၉
ယခုရက်ပိုင်းအတွင်း ဆေးခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုကို တွေ့မြင်နေရသည်။ မြန်မာနိုင်ငံရှိ ပြည်သူတို့၏ သဘောသဘာဝနှင့် အနေအထားများအရ ပြည်သူတို့၏ နေ့စဉ် စားသုံးနေသော အစားအစာများကို ပြည်သူတို့ကိုယ်တိုင် အသိတရားလက်ကိုင်ထား၍ ဆင်ခြင်စားသုံးကြရမည်သာ ဖြစ်ပေသည်။
မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝ အန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင် ပါဝင်လာသော ပိုးမွှားနှင့် အဆိပ်အန္တရာယ်ဖြစ်သည်။ ယခုအခါ ရာသီအကူး အပြောင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတတ်ပေသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်တတ်သောရောဂါတစ်ခု ဖြစ်သည်။ ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး၊ ရောဂါပြင်းထန်ပြီး အချိန်မီမကုသပါက အသက်ဆုံးရှုံးနိုင်သည်။
ကလေးသူငယ်များတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါမှာ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ထိရောက်ပြည့်စုံသော ကုသမှု ခံယူရန်လိုအပ်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် တစ်ကိုယ် ရေသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ အစာမစားမီနှင့် လူနာ ကိုင်တွယ်ပြီးတိုင်း၊ ကလေးပြုစုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရန်၊ အစားအစာကို ပူပူနွေးနွေးစားသောက် ခြင်း၊ ယင်နားစာများ မစားသုံးခြင်း၊ ရေကို ကျိုချက်သောက်သုံး ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ယင်လုံအိမ်သာ အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုအပ်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် အချိန်မီကုသမှုခံယူရန် အဆင့်ဆင့်အချိန်မီ အမြန်ဆုံးသတင်းပို့ရန်လိုအပ်သည်။ ရောဂါဖြစ်ပွားပါက ပြန့်ပွားမှု မရှိအောင် ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေချင်ကြောင်း။ ။