ဘေကျင်း ဇွန် ၂၅
တရုတ်နိုင်ငံ၏ အာကာသစခန်း အဓိကအစိတ်အပိုင်းသို့ ဇွန်လ ၁၇ ရက်နေ့ကတည်းက ရောက်ရှိနေသော အာကာသယာဉ်မှူးသုံးဦးတို့သည် ပထမ အကြိမ်အဖြစ် မြေပြင်နှင့်အဝေးဖုန်း ခေါ်ဆိုမှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ နွဲ့ဟိုင်စိန့် (၅၆ နှစ်)၊ လျိုပေါ်မင် (၅၄ နှစ်) နှင့် ထန်းဟုန်ပေ (၄၅ နှစ်) တို့သည် ကမ္ဘာမြေမှ ၃၈၀ ကီလိုမီတာအမြင့်ရှိ အာကာစခန်း၏ အဓိကအစိတ်အပိုင်း Tianhe တွင် စခန်းချနေထိုင်နေသည်။
ယင်းတို့၏ အာကာသခရီးစဉ်သည် တရုတ်နိုင်ငံ၏ ယနေ့အထိ အရှည်ကြာ ဆုံးသော လူလိုက်ပါသည့် အာကာသ ခရီးစဉ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။
တရုတ်သမ္မတရှီကျင့်ဖျင်အနေဖြင့် အဆိုပါ အာကာသယာဉ်မှူးသုံးဦးကို ဗီဒီယိုမှတစ်ဆင့် နှုတ်ဆက်စကားပြော ကြားပြီး အာကာသစခန်းအတွင်း အောင်မြင်စွာဝင်ရောက်နိုင်ခြင်း အတွက် ချီးကျူးကာ ယင်းတို့၏အလုပ်များအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း လွှတ်တင်မှု ၅ ကြိမ်ပြုလုပ်ပြီးဖြစ်ကာ နောက်ထပ် ၆ ကြိမ် ထပ်မံလွှတ်တင်ရန် စီစဉ်ထားကာ ယင်းတို့တွင် Wentian နှင့် Mengtian ဓါတ်ခွဲခန်းအစိတ်အပိုင်းများ လွှတ်တင်ခြင်း၊ ကုန်တင်အာကာသ ယာဉ်နှစ်စင်းလွှတ်တင်ခြင်းနှင့် လူလိုက် ပါသော အာကာသယာဉ်နှစ်စင်းလွှတ် တင်ခြင်းတို့ပါဝင်ပြီး အာကာသစခန်း ကိုလည်း ၂၀၂၂ ခုနှစ်တွင် အပြီးတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (Ref; Reuters)