ကျွန်ုပ်တို့မြန်မာနိုင်ငံသည် စပါးအဓိက စိုက်ပျိုးသောနိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးဖြိုင်ဖြိုင်ရွာသော ကာလများ၌ ကောက်စိုက်လေ့ရှိသော်လည်း အောက်ပိုင်းအရပ်ဒေသများတွင် ရေတော် မိုးတော်အနေအထား အရ စိုက်ပျိုးလျက်ရှိသည်။
တောင်သူလယ်သမားဦးကြီးတို့အဆိုအရ ထယ်ရေးကောင်းမှ သမန်းကောင်းမည်ဆိုသည့်အတိုင်း မစိုက်ပျိုးမီ ထယ်ရေးကောင်း အောင် ထွန်ယက်ခြင်းအလုပ်သည် အဓိကဖြစ်သည်။
စီးသည့်ရေ ဆယ်သည့်ကန်သင်း ဆိုရိုးစကားကဲ့သို့ လိုအပ် သော မိုးရေများကို ထိန်းသိမ်းသိုလှောင်ရန်နှင့် ကန်သင်းပေါင် ကောင်းမွန်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရသည်။ လယ်ယာလုပ်ငန်းခွင် ထယ်ရေးညက်ပြီး သမန်းကောင်းအောင် ဆောင်ရွက်ခြင်းသည် ကောက်စိုက်ခြင်းလုပ်ငန်းတွင် အရေးအကြီး ဆုံး အလုပ်ဖြစ်သည်။
စိုက်ပျိုးရေးပညာရှင်တို့၏ အဆိုအရ သိပ္ပံနည်းကျစိုက်ပျိုး နည်းစနစ်များ လိုက်နာခြင်း၊ စပါးအထွက်ကို တိုးစေသော်လည်း ကောက်ကွက်များ မစိတ်လွန်း၊ မကျဲလွန်း စိုက်ပျိုးခြင်းဖြင့် စပါး အထွက်တိုးစေနိုင်သည်။
သိပ္ပံနည်းကျစိုက်နည်းတွင် အထွက်နှုန်းပိုမိုထွက်ရှိ၍ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးရာတွင် မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စနစ်တကျပေါင်းစပ်သုံးစွဲ ရေးနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်။
စပါးကို ရှေးယခင်က တစ်နှစ်တစ်ကြိမ်သာ စိုက်ပျိုးခဲ့ရာမှ မိုးစပါး၊ နွေစပါး နှစ်ကြိမ် စိုက်ပျိုးလာနိုင်သဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံသည့်အပြင် ပြည်ပသို့ပါတင်ပို့ရောင်းချလျက်ရှိသည်။ စပါး တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကောင်းလာပါမှ တောင်သူ လယ်သမားတို့၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ရာ စပါး စိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက် လျက်ရှိသည်။
တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာ စေရန် ရာသီဥတုရေမြေဒေသနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန် စိုက်ပျိုးရေးဦးစီးဌာနသည် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တောင်သူလယ်သမားများအား စိုက်ပျိုးနည်းစနစ်များ၊ မြေဆီလွှာ ထိန်းသိမ်းနည်းပညာများ၊ ပိုးမွှားရောဂါကျရောက်ပျက်စီးမှု မရှိစေရန် အပင်ဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နှင်းခြင်းဆိုင်ရာ နည်းပညာဆွေးနွေး ဟောပြောပွဲများကိုလည်း ဆောင်ရွက်ပေး လျက်ရှိသည်။
တောင်သူလယ်သမားများ ဝင်ငွေတိုးပွား လူနေမှုစနစ်မြှင့်တင် ရေးအတွက် အထောက်အကူပြုလုပ်ငန်းများကို လိုက်နာပူးပေါင်း ဆောင်ရွက်စေချင်ကြောင်း။ ။