နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်စွမ်းကျန်းမာ လမ်းလျှောက်ပါ

နံနက်ပိုင်းခပ်စောစောတွင် သွားသွားလာလာ လှုပ်လှုပ်ရှားရှား ဖြင့် လမ်းလျှောက်သူ ပေါများလာ၏။ အင်းလျားကန်ပေါင်၊ ကန်တော်ကြီးကန်ပတ်လမ်း ကျိုက္ကဆံအားကစားကွင်းပတ်လမ်း တစ်လျှောက်တွင် လူငယ်၊ လူရွယ်များ၊ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းတို့ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသည်။ ကိုယ်လက်လှုပ်ရှားမှုပြုနေကြသည်။

အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွားအများစုသည် ငယ်ရွယ်စဉ်ဘဝမှ အစပြုကာ ကျန်းမာရေး ကို လိုက်စားကြသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေနိုင်သည်ဟု ကျန်းမာရေးသုတေသီ များက မကြာခဏ ပြောဆိုလျက်ရှိသည်။ ကျန်းမာရေးကိုလိုက်စား ရာတွင် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု သို့မဟုတ် လမ်းလျှောက်ခြင်း ပြုလုပ်ခြင်းပင်ဖြစ်၏။ လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်ခန့် လျှောက်သင့်သည်ဟု ပညာရှင်တို့က ဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သားများကို သန်မာအားကောင်း စေသည်။ အရိုးအဆစ်တို့ကို သန်မာစေနိုင်သည်။ ထို့ကြောင့် လမ်းများများလျှောက်ခြင်းသည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းကောင်းတစ်ခုပင် ဖြစ်သည်။

ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုပိုင်ဆိုင်ရန်အတွက်ကိုယ် လက်လှုပ်ရှား အားကစားတစ်ခုခု သို့မဟုတ် လမ်းလျှောက်ခြင်းကို ပြုလုပ်ရာတွင် အသက်ကြီးသူ၊ ငယ်သူ၊ အိုသူဟူ၍ မရှိဘဲ ပြုလုပ်သူ အရွယ်သုံးပါးလုံးကို အကျိုးပြုကြောင်း၊ သွေးတိုးရောဂါခံစားနေရ သူ အဘိုး၊ အဘွားများကို နှလုံးသွေးကြောဆိုင်ရာ ကိုယ်လက် လေ့ကျင့်ခန်းများ  ပြုလုပ်စေခဲ့ရာ  ကျန်းမာအသက်ရှည်လာ ကြောင်း ကျန်းမာရေးသုတေသီများ၏ ထုတ်ဖော်မှုအသစ်တစ်ခုက ဆိုထားသည်။

မြို့ပြလူမှုဘဝ ပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများပြားလာသည့် အခါ စိတ်ထွက်ပေါက်အဖြစ် လမ်းများများလျှောက်ပေးသင့်သည်။ ယင်းကဲ့သို့ လမ်းလျှောက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုပြေပျောက်သွား ပြီး တက်ကြွရွှင်လန်းကာ ခွန်အားသစ်များတိုးပွားလာမည်ဖြစ်သည်။
ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ် အဝလွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ ဖြစ်ပွားမှုများပြားနေသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါကို ထိန်းထားပေးနိုင်စွမ်းရှိ၏။ ကျန်းမာရေးသည် ဝယ်ယူ၍ရသည့် ပစ္စည်းမဟုတ်ပါ။ ကိုယ်ကိုယ်တိုင် လေ့ကျင့်ယူရသည့်အရာ ဖြစ်သည်။ လူတိုင်းလူတိုင်း ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည် ဖြစ်သည်။

သို့ဖြစ်ရာ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည် အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည် ကျန်းမာစေရန်အတွက် လမ်းများများလျှောက်ခြင်းဖြင့် ကျန်းမာ စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ