နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပထွက်ခွာကြမည့် မြန်မာသင်္ဘောသားအလုပ်သမားများ COVID-19ရောဂါကင်းရှင်းကြောင်း ဆေးစစ်ရန်အတွက် ဆက်သွယ်ဆောင်ရွက်နိုင်

ရန်ကုန် မေ ၂၀


ပြည်ပထွက်ခွာကြမည့် မြန်မာသင်္ဘောသား အလုပ်သမားများအနေဖြင့် COVID-19 ရောဂါကင်းရှင်း ကြောင်းဆေးစစ်ရန်အတွက် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်၏ အီးမေးလ် လိပ်စာအားဆက်သွယ်၍ မေ ၁၉ ရက် နံနက်ပိုင်းမှ စတင်ကာ နေ့စဉ်ဆက်သွယ်လျှောက်ထား ဆောင် ရွက် နိုင်ကြပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က ပြောကြားသည်။


''နိုင်ငံအတွင်းက မည်သည့်သင်္ဘောသားမဆို COVID-19 ရောဂါရှိ၊ မရှိ ဆေးစစ်ဖို့အတွက် ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့ covid19msfmyanmar @gmail.com မှတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ကြပါပြီ။ အဖွဲ့ချုပ်ကနေမှတစ်ဆင့် ဆေးစစ်မယ့်သင်္ဘောသားဦးရေစာရင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ရမှာဖြစ်ပါတယ်၊ အဖွဲ့ချုပ်အနေနဲ့ လိုအပ်တဲ့ ဆေးပစ္စည်းတွေကို ဖြည့်ဆည်းပေးမှာဖြစ်တာကြောင့် ဒီတစ်လအတွင်းမှာပဲ သင်္ဘောသားများဆေးစစ် နိုင်ကြမှာဖြစ်ပါတယ်။ မြန်မာသင်္ဘောသားအလုပ်သမားတွေအနေနဲ့ ရောဂါကင်းရှင်းကြောင်း ဆေး လက်မှတ်ရရှိလို့  ၇၂ နာရီအတွင်း Negative နဲ့အတူ သက်ဆိုင်ရာနိုင်ငံကိုရောက်ရှိမှသာလျှင် သင်္ဘော အလုပ်ကို တာဝန်ထမ်းဆောင်နိုင်ကြမှာလည်းဖြစ်ပါတယ်''ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ရှင်းပြသည်။


COVID-19 ကပ်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ဆေးမှတ်တမ်းပြနိုင်မှသာလျှင် ပြည်ပသို့ ထွက်ခွာလာကြရန် ပြည်ပသင်္ဘောပိုင်ရှင်များက ပြီးခဲ့သည့် မတ်လ ပထမရက်သတ္တပတ်က တောင်းဆိုထားသောကြောင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် အနေဖြင့် ကပ်ရောဂါကင်းရှင်းကြောင်း ဆေးလက်မှတ်ရရှိစေရန် နိုင်ငံတော်အစိုးရတာဝန်ရှိသူများထံ မေ ၁၉ ရက်က တင်ပြခဲ့ရာ စာချုပ်သက်တမ်းပြည့်၍ ပြန်လာသောသင်္ဘောသား အလုပ်သမားများနှင့် ပြည်ပနိုင်ငံသို့ ပြန်လည် ထွက်ခွာအလုပ်လုပ်ကိုင်ကြမည့်  သင်္ဘောသားအလုပ် သမားများအတွက် COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးခြင်းနှင့် ဆေးလက်မှတ်ထုတ်ပေးနိုင်ရန်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) ၌ ယခုလ ၁၅ ရက် နံနက်ပိုင်းတွင် သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL)မှ နိုင်ငံခြားသားများဖြစ်သော သံရုံးမှဝန်ထမ်းများ၊ ကုလသမဂ္ဂဝန်ထမ်းများနှင့်အခြား NGO ဝန်ထမ်းများကိုCOVID-19  ရောဂါရှိ၊ မရှိ ဆေးစစ်ပေးလျက်ရှိပြီး ဆေးစစ်ခတစ်ဦးလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျသင့်ကြောင်းသိရကာ မြန်မာသင်္ဘောသား အလုပ် သမားများကိုလည်း ဆေးစစ်ခတစ်ဦးလျှင် ငွေကျပ်တစ်သိန်းငါးသောင်းဖြင့် ဆေးစစ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ သိရသည်။


ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ