ရန်ကုန် မေ ၂၀
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး၊ အာမခံ စျေးနှုန်း သတ်မှတ်ဝယ်ယူနိုင်ရေး၊ အရည်အသွေးကောင်း ဆန်စပါးများ ပိုမိုထုတ်လုပ်နိုင်ရေးတို့အတွက် အဓိကရည်ရွယ်ကာယခု ၂၀၂၀ မိုးစပါးရာသီတွင် ကန်ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့်ဆန်ပြည်ပတင်ပို့သူ Exporter များအား တိုက်တွန်းအကြံပြုထားပြီးဖြစ်သည်။
ထို့အပြင် ကန်ထရိုက်လယ်ယာစနစ်အား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက်ကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ကူညီပေးလျက်ရှိသည်။
ထို့အတူကုမ္ပဏီအများစုနှင့်လည်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါ ကန်ထရိုက်လယ်ယာလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လိုသည့် ကုမ္ပဏီများ၊ ဆန်စက်ပိုင်များနှင့် လုပ်ငန်းရှင်များသည် မိမိတို့ဆောင်ရွက်မည့်မြို့နယ်၊ ဆောင်ရွက်မည့်ဧရိယာဧကနှင့်အစီအစဉ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(ရုံးချုပ်)သို့ ၂၀၂၀ ပြည့်နှစ် မေလ ၂၁ ရက် နောက်ဆုံးထားကာ အီးမေးဖြင့် admin@mrf.com.mm သို့ ပေးပို့တင်ပြပေးရန် သတင်းထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနှင့် ယခု ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီ၌ စုစုပေါင်းစိုက်ဧကတစ်သိန်းခွဲကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ ကန်ထရိုက်လယ်ယာစနစ်ကို ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကန်ထရိုက်လယ်ယာ စနစ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ဧက ၆ဝဝဝဝ ခန့်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပြီး ကျန်ဧကကိုးသောင်းကိုပဲခူး၊ရန်ကုန် နှင့်မန္တလေးတိုင်းဒေသကြီးများတွင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ကန်ထရိုက်လယ်ယာစနစ် လုပ်ကိုင်ဆောင်ရွက်ရာတွင်တောင်သူများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် အချက် ၉ ချက် ၊ ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းရှင် သို့မဟုတ် အသင်းအဖွဲ့က လိုက်နာ ဆောင်ရွက်ရမည့်အချက် ၁၁ ချက်နှင့် ဌာနဆိုင်ရာများက လိုက်နာဆောင်ရွက်ရမည့်အချက် ၉ ချက် ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
ကိုသစ္စာလှိုင်