နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလွန်အားပြင်းသည့် စူပါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ လူသန်းပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေ

မေ ၂၀၊ နယူးဒေလီ


ဘင်္ဂလားပင်လယ်အော်မှ ချဉ်းကပ်လာသည့် စူပါဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူသန်းပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်မှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်အနီးသို့ ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ 


ကယ်ဆယ်ရေးအဖွဲ့ ၂၀ ကျော် စေလွှတ်ထားပြီး နောက်ထပ်အဖွဲ့အများအပြားကို အသင့်ပြင်ဆင် ထားကြောင်း အိန္ဒိယနိုင်ငံ အရာရှိများက ပြောသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အရာရှိများအနေဖြင့် မုန်တိုင်းလမ်းကြောင်းတွင် ရှိနေသူများကို ရွှေ့ပြောင်းပေးရာတွင် အခက်အခဲကြုံတွေ့နေသည်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် ကမ်းရိုးတန်း ဒေသများတွင် တစ်နာရီ ၁၁၅ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်မှာ ၂၀၀၇ ခုနှစ်က လူ ၃၅၀၀ နီးပါး သေဆုံးစေခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဆီဒါ(Sidr) နောက်ပိုင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်လာမည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရာရှိများက စိုးရိမ်ပူပန်နေသည်။ ဆိုင်ကလုန်းမုန်တိုင်း ဆီဒါ တိုက်ခတ်ခဲ့စဉ်က သေဆုံးသူအများစုမှာ ပင်လယ်လှိုင်းလုံးကြီးများ ရိုက်ခတ်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏ လက်ရှိလေတိုက်နှုန်းမှာ ကုန်းတွင်းပိုင်းသို့ မရောက်မီ အနည်းငယ်အားပျော့သွားဖွယ်ရှိသော်လည်း လှိုင်းအမြင့် ၁၀ ပေမှ ၁၆ ပေအထိ ရှိနိုင်သည်ဟု အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ