တောင်ကြီး မေ ၁၉
ယခုနှစ်မိုးရာသီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန် ရေဝေရေလဲ နယ်မြေဧရိယာအတွင်းရှိ တောင်ကတုံးများ၌ သစ်စေ့မြေလုံး တစ်သိန်းခုနစ်သောင်းခန့်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် သက်ဆိုင်ရာ သစ်တောဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ယခုနှစ်မိုးရာသီ၌ အင်းလေးကန် ရေဝေရေလဲ နယ်မြေဧရိယာအတွင်းရှိ ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ဖယ်ခုံနှင့် ပင်းတယ စသည့်မြို့နယ်များရှိ တောင်ကတုံးများတွင် သစ်စေ့မြေလုံးများကို ဆူးထိုးစိုက်ပျိုး သွားမည်ဖြစ်သည်။
ယခုနှစ်များတွင် ပွင့်လင်းရာသီများ၌ အင်းလေးကန်အတွင်းသို့ စီးဝင်သော နမ့်ကွတ်ချောင်းရေများ လျော့နည်းလာသည့်အပြင် နွေရာသီများ၌လည်း အင်းလေးကန်အတွင်း ရေခန်းခြောက်မှုများ ယခင်ကထက် ပိုများလာသောကြောင့် ယခုကဲ့သို့ အင်းလေးကန် ရေဝေရေလဲ နယ်မြေဧရိယာအတွင်း ရာသီဥတု ထိန်းညှိပေးနိုင်မည့် သစ်ပင်များစိုက်ပျိုးကာ အင်းလေးကန်ကြီး ရေရှည်တည်တံ့စေရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အင်းလေးကန် ရေဝေရေလဲ နယ်မြေဧရိယာအတွင်းရှိ တောင်ကတုံးတစ်ခုဖြစ်သော ရန်အောင်မြင်တောင်ကုန်းတွင် သစ်စေ့မြေလုံး ၂၄၀ဝ၀ ခန့်ကို ဆူးထိုးစိုက်ပျိုးထားပြီဖြစ်ကြောင်းနှင့် အလားတူ ကျန်ရှိနေသော တောင်ကတုံးများတွင်လည်း ယခုနှစ်မိုးရာသီအတွင်း သစ်စေ့မြေလုံးများ ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
အင်းလေးကန်သည် ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသော ခရီးသွားဒေသများထဲတွင် တစ်ခုအပါ အဝင်ဖြစ်ပြီး နှစ်စဉ်ခရီးသွားပွင့်လင်းရာသီများတွင် အဆိုပါ အင်းလေးကန်နှင့် အင်းလေးကန် ရေဝေရေလဲ ဒေသများသို့ ကမ္ဘာလှည့်ခရီးသွားများ အများအပြား လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။
(ဆောင်းဦး)