နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်းတွေနဲ့ အတူတူ မအိပ်သင့်သော အကြောင်းတရားများ

ရှေးကာလတွေတုန်းကတော့ အိပ်ရာဆိုတာ နားနားနေနေ အိပ်စက်အသုံးပြုဖို့အတွက်သာ သီးသန့်ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာ တော့ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ လက်ပ်တော့တွေ၊ လက်ကိုင်ဖုန်းတွေ အိပ်ရာထဲကို ကျူးကျော်၀င်ရောက် လာခဲ့ပါပြီ။ ဖုန်းတွေကိုဘာကြောင့် အိပ်ရာထဲ ထည့်မအိပ်သင့်သလဲ ? ဖုန်းတွေက အိပ်ရေးပျက်စေပါတယ်။

ဖုန်းထဲကထုတ်လွှင့်လိုက်တဲ့ အပြာအလင်းရောင်စဉ်တန်းကအိပ်ပျော်ခြင်းကို အနှောင့် အယှက်ပေးပါတယ်။ ၄င်းအလင်းရောင်စဉ်တန်းက ဦးနှောက် ထဲရှိနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တဲ့ melatonin ခေါ် ဦးနှောက်ပိုင်းဆိုင်ရာ ဓာတုပစ္စည်းကို အလွန်အမင်း လှုံ့ဆော် နှိုးဆွပေးနေတာကြောင့် အိပ်မရခြင်းကို ဖြစ်စေပါတယ်။ ဖုန်းကို စက်ပိတ်ထားသည့်တိုင်အောင် ၄င်းအီလက်ထရွန်းနစ်ပစ္စည်း၏ မျက်နှာ ပြင်က  အလင်းထုတ်လွှင့်နိုင်သေးတာကြောင့် အထူးသဖြင့် ကလေးများမှာ   အိပ်မောကျခြင်း   မဖြစ်စေနိုင်တော့ပါဘူး။

ကလေးတွေ အိပ်ရာထဲ ဖုန်းနဲ့အတူတူအိပ်စက်ခြင်းက ၄င်းတို့ သက်တမ်းတစ်လျှောက် အ၀လွန်ခြင်း၊ ဆီးချိုရောဂါတွေကို ဖြစ်နိုင်ရုံမျှမက၊  Alzheimer's (ခေါ်) အရွယ်မတိုင်မီ ဦးနှောက်ဇရာ အကြိုရောဂါတွေ ဖြစ်လာဖို့သေချာနေပါပြီ။ အိပ်ရေးမဝခြင်းက ဦးနှောက်ထဲရှိ  ghrelin (ခေါ်) အစာစားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်တဲ့ဟော်မုန်းထွက်ရှိမှုကို ကမောက်ကမ ဖြစ်စေတာကြောင့် ဗိုက်ဆာခြင်းနှင့် အာသာမပြေခြင်းတို့ကို ခံစားလာရပါတယ်။

အထူးသဖြင့် အဆီနှင့် အချိုဓာတ်ကဲတဲ့ အစားအစာတွေကို အာသာငမ်းငမ်းစားလိုစိတ် ပြင်းပြလာတတ်ပါတယ်။ လေ့လာမှုမှတ် တမ်းအရယနေ့အင်္ဂလန်နိုင်ငံရှိ အသက် ၁၄နှစ်အောက် ကလေးများ မှာအီလက်ထရွန်းနစ်သုံးစွဲခြင်းကြောင့် အိပ်ရေးပျက်သူဦးရေဟာ လွန်ခဲ့နှစ်ကထက် သုံးဆမျှပိုနေကြောင်း NHS Data မှ သတင်းထုတ်ပြန်ထားပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် ဖုန်းနှင့် တက်ဘလက်တွေဟာ စိတ်ဖျော်ဖြေရေးပစ္စည်းတစ်ခုအဖြစ် သူတို့ ရဲ့အိပ်ရာထဲမှာ စိုးမိုးနေလို့ ပါပဲ။

ဗြိတိန်နိုင်ငံ၏ စစ်တမ်းအရ အသက် ၉ နှစ်မှစ၍ ဆယ်ကျော် သက်အရွယ်တွေမှာ အနည်းဆုံးဖုန်းတစ်လုံးလောက်ကတော့ သူတို့ အိပ်ခန်းထဲမှာရှိကြကြောင်း၊ ဗြိတိန်နိုင်ငံလုံးဆိုင်ရာ ကျောင်းအုပ် ဆရာ၊ဆရာမများ ညီလာခံအစီရင်ခံစာအရ၊ ၄င်းတို့ကျောင်းရှိ ဆယ်ကျော်သက်ထက်၀က်ကျော်လောက်က တရေးနိုးတဲ့ အချိန်မှာ ဖုန်းကိုဖွင့်၍ ညလုံးပေါက်နီးပါး သုံးတတ်သေးကြောင်း လေ့လာသိရှိ ရပါတယ်။ ဤစစ်တမ်းကို ၂၀၁၇ ခုနှစ် နို၀င်ဘာလက King's College London မှ ကျောင်းသူကျောင်းသား ဦးရေ ၁၂၅၀၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာလည်း ကနေဒါနိုင်ငံတွင် ပျမ်းမျှ ၉ နှစ် မှ ၁၁ နှစ်အရွယ်ကလေးတွေ မှာအိပ်ချိန်ချို့တဲ့၍ ခန္ဓာကိုယ်အ၀လွန်ခြင်း    ပြဿနာနှင့် ကြုံတွေ့နေရကြောင်း ကနေဒါနိုင်ငံထုတ် Public Health ဂျာနယ်တစ်စောင်မှာ သတိပေးဖော်ပြထားခဲ့ပါတယ်။ လန်ဒန်ရှိ the Sleep School မှ အိပ်စက်ခြင်းဆိုင်ရာကျန်းမာရေး သုတေသီတစ်ဦးဖြစ်သူ Dr Guy Meadows ကလည်း လူသားတွေရဲ့ ဦးနှောက်ဟာ အသက် ၂၁ နှစ်ထိတိုင်အောင် ဖွံ့ဖြိုးလေ့ရှိကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စဉ်ဟာ ညဘက်အိပ်ပျော်နေတဲ့ အချိန်မှာ ဇီဝဖြစ်တည်လေ့ရှိကြောင်း၊ ကောင်းစွာအိပ်မပျော်ခြင်းကြောင့် အတွေးအခေါ်ပိုင်းဆိုင်ရာ စဉ်းစားဉာဏ်ကို ဒုက္ခလှလှပေးကြောင်း၊ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ကာလတာရှည် အိပ်ရေးမဝ ခြင်းက နောင်အနာဂတ်အတွက် ကြောက်စရာဖြစ်ကြောင်း အကြံပြုထားပါတယ်။

၂၀၁၇ မေလဆန်းတွင် အင်္ဂလန်နိုင်ငံမှ လူထုကျန်းမာရေးအသင်းအဖွဲ့တစ်ခုမှ၊ ဆယ်ကျော်သက်များကို ဦးတည်၍ ပညာပေးဆောင်ပုဒ်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ၄င်း ဆောင်ပုဒ်၏ အမည်မှာ FOMO(fear of missing out) ဖြစ်ပြီး၊ ဆိုလိုချက်ကတော့ ညအိပ်ရာ၀င်ခါနီးတိုင်း ဖုန်းကိုပိတ်ထားဖို့ တိုက်တွန်းထားခြင်းဖြစ်ပါတယ်။ မိဘများကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါ၀င်နေပါတယ်။ မိဘကိုယ်တိုင် ဖုန်းကို အိပ်ရာထဲ ထည့်အိပ်ခြင်းက၊ သား၊သမီးများအတွက် မှားယွင်းသောအတုယူ မှုဖြစ်စေပါတယ်။

အထက်ဖော်ပြပါ အိပ်ရေးပျက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာမျိုးကို ဆယ်ကျော်သက်ရွယ်များသာမက၊ အရွယ်ရောက်ပြီးသူလူကြီးများလည်း မလွဲမသွေကြုံတွေ့ခံစားရနိုင်ပါတယ်။ သာမန်ညအိပ်မီးသီးလေးမှထွက်ရှိတဲ့အလင်းရောင် စဉ် ကလေးသည်ပင်လျှင် insomnia (ခေါ်) အိပ်မရခြင်းဝေဒနာကို ခံစားရနိုင်တာကြောင့်၊ ဖုန်းမျက်နှာ ပြင်မှထုတ်လွှင့်လိုက်တဲ့ အပြာရောင်အလင်းတန်းများကညအချိန်မှာ ကြီးစွာသောကျန်းမာရေး ဒုက္ခကိုပေးတာမို့ အလွန်ဆိုးရွား စက်ဆုပ်ဖွယ်ကောင်းတဲ့ အိပ်ရေး ပျက်ခြင်း မိစ္ဆာတ‌ေစ္ဆကို အိပ်ရာထဲထား၍ မအိပ်ကြပါရန် အကြံပြု တိုက်တွန်းလိုက်ရပါတယ်။






အခြားဆက်စပ်သတင်းများ