ဝါရှင်တန်၊ မေ ၂၀
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အစ္စရေး-ပါလက်စတိုင်းအရေး ကြေညာချက်ထုတ်ပြန်ရန် အခက်အခဲတွေ့နေပြီး ကြေညာချက်မူကြမ်းကို အမေရိကန်က ထပ်မံ၍ ကန့်ကွက်သည့်အတွက် မထုတ်ပြန်နိုင်ဘဲ ဆိုင်းငံ့ထားရဆဲ ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးစစ်တပ်က လေကြောင်း အသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် ပါလက်စတိုင်းအရပ်သား ၂၀ဝ ကျော် သေဆုံးခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် ယင်းကိစ္စကို အလေး အနက်ထား ကိုင်တွယ်ပေးရန် နိုင်ငံတကာက ဖိအားပေးတောင်းဆိုခြင်းများရှိနေပြီး တရုတ်၊ တူနီးရှား နှင့် နော်ဝေတို့ ပူးပေါင်းတင်သွင်းသည့် ကြေညာချက်မူကြမ်း ကို အမေရိကန်၏ ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် ထုတ်ပြန်ရန် ခက်ခဲနေခြင်းဖြစ်သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးသည် ကြေညာချက်မူကြမ်းကို သဘောတူညီကြသော်လည်း တရားဝင် ထုတ်ပြန်ကြေညာမည့်ကိစ္စကိုမူ လက်ရှိ အချိန်တွင် ထောက်ခံနိုင်ရန်မရှိကြောင်း အမေရိကန်က ကန့်ကွက်သည့်အတွက် ကြေညာချက်မူကြမ်းသည် တရားဝင်ကြေညာချက်အဖြစ် ထုတ်ပြန်နိုင် သည့်အဆင့်ကို ရောက်မလာနိုင်ခဲ့ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အမေရိကန်သည် အစ္စရေး-ပါလက်စတိုင်း အရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ ကြေညာချက်ထုတ်ပြန်မည့် ကိစ္စကို တတိယအကြိမ်မြောက်အဖြစ် ကန့်ကွက်လိုက်ခြင်းဖြစ်ပြီး မြေပြင် အဖြစ်အပျက်များတွင် အပြစ်မဲ့အရပ်သား ပြည်သူသေဆုံးမှုမှာ တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လာနေပြီဖြစ်ကြောင်း၊ အခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် ပိုပြီး အလေးထားအဖြေရှာရန်လိုအပ် နေပြီဖြစ်ကြောင်း လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံတစ်ချို့က ပြောကြားထားသည်။
မျိုးဝင်း (ref;BBC)