ရန်ကုန် မေ ၁၉
အခြေခံပညာကျောင်းများကို ဖွင့်လှစ်ရာတွင် အတန်းအားလုံးကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်သွားမည် မဟုတ်ဘဲ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဟူ၍ တစ်ဆင့်ချင်း ဖွင့်လှစ်သွားရန် ဆုံးဖြတ်ထားကြောင်းအခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးဆွေးနွေးပွဲမှ သိရသည်။
အဆိုပါဆွေးနွေးပွဲကို မေ ၁၉ ရက်၊ နံနက် ၁၀ နာရီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Facebook စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
''ဇူလိုင်လဦးပိုင်းမှာ ပြန်ဖွင့်မယ်။ ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးတဲ့အခါ မူလတန်းအဆင့်ကိုစဖွင့်ရင် အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ထားတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မူလတန်းကိုစဖွင့်ရန် စဉ်းစားရခြင်းသည် ကလေးများအနေဖြင့် ရောဂါကူးစက်ခံရမှုနည်းခြင်း၊ ဆရာ၊ ဆရာမစကားကိုလည်း အလိုက်နာဆုံးဖြစ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု အခြေခံပညာဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
ယခုကဲ့သို့ မူလတန်းကိုစဖွင့်ရန် ဆုံးဖြတ်ထားသော်လည်း ဆရာ၊ ဆရာမများနှင့် မိဘများက ကျန်းမာရေးအသိ အနည်းငယ်ရှိပြီးဖြစ်သော အကြီးတန်းများကိုစဖွင့်ရန် ဆွေးနွေးလာသည့်အတွက် မည်သည့်အဆင့်မှ စဖွင့်ရမလဲဆိုသည်ကို လေးလေးနက်နက် ပြန်စဉ်းစားသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
ထို့ပြင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်သည့်အခါ စမ်းသပ်သောပုံစံဖြင့်သာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မည်သည့်ပုံစံဖြင့် အောင်မြင်မည်နည်းဆိုသည်မှာ မသေချာသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးသည်။
ယခုအခါ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် Quarantine စင်တာအဖြစ် အသုံးပြုထားသောကျောင်းများကို ပြန်လည်အပ်နှံရန် ထုတ်ပြန်ထားခြင်းများရှိသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘများလိုက်နာရမည့် စည်းကမ်းချက်များကိုလည်း အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးသူ(City News)