နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ဆင်းသက်နိုင် ပေကျင်း

မေ   ၁၆

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ် ဆောင်ထားသော ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) သည် ဂြိုဟ်နီ ကြီး(အင်္ဂါဂြိုဟ်)ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က မေ ၁၅ ရက် နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်မှလွဲ၍ ဂြိုဟ်တစ်ခုပေါ်သို့ အာကာသယာဉ်ဆင်းသက် နိုင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ၉ မိနစ်ခန့် ကြာမြင့်သည့်   အင်္ဂါဂြိုဟ်လေထုကိုဖြတ်သန်း၍   ဂြိုဟ်ပေါ်သို့ ဆင်းသက်သည့်ဖြစ်စဉ်သည် မြေပြင်ထိန်းချုပ်မှုမရှိဘဲ အာကာသ ယာဉ်၏ အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အလွန်ရှုပ်ထွေးနက်နဲကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာန(CNSA) ၏ လကမ္ဘာစူးစမ်းလေ့လာရေးနှင့် အာကာသစီမံကိန်းစင်တာအရာရှိ ကိန်းယန်က ပြောသည်။
ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်(orbiter)၊ ဂြိုဟ်ပေါ်ဆင်းသက် ယာဉ်(lander)နှင့် ဂြိုဟ်ပေါ်သွားယာဉ် (rover) ပါဝင်သောထျန်းဝန်-၁ ယာဉ်အား တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ တရုတ်နိုင်ငံက နေအဖွဲ့ အစည်းအတွင်း ဂြိုဟ်စူးစမ်းလေ့လာရေး၏ ပထမခြေလှမ်းဖြစ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ် လှည့်လည်သွားလာခြင်းများကို    လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်အောင်ဆောင်ရွက်ရန်ရည်ရွယ်ကြောင်း    သိရသည်။ အဆိုပါ အာကာသယာဉ်သည် အာကာသအတွင်း ၇ လနီးပါးကြာ ပျံသန်းပြီးနောက် ဖေဖော်ဝါရီလတွင် အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်း ကြောင်းအတွင်းသို့ဝင်ရောက်ခဲ့ရာ ဂြိုဟ်ပေါ်သို့ ဆင်းသက်မည့် နေရာကို ၂ လကျော်ကြာအချိန်ယူလေ့လာခဲ့ရကြောင်း သိရသည်။
ရဲခေါင်(Ref; Xinhua)






အခြားဆက်စပ်သတင်းများ