ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်လျှော့ချရေးမူဝါဒသည် ပြည်သူ့ကျန်းမာရေးအတွက် ထိထိရောက်ရောက်ဖြစ်စေသည့် မူဝါဒတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သူ တစ်ဘီလီယံခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၂ ဒသမ ၅ ဘီလီယံခန့်အထိ တိုးတက်မြင့်မားလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။ ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကို သာမက ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့်မီးခိုးရှုမိပြီး ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတိပေး ကြေညာချက်များ ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဆေးလိပ် သောက်သုံးခွင့်မရှိသောနေရာများကို ထုတ်ပြန်ကြေညာထား သည်။ ဆေးလိပ်သောက်သုံးခွင့်မရှိသောနေရာများသည် ဆေးရုံ၊ အဆောက် အအုံနှင့်ပတ်ဝန်းကျင်၊ ဆေးကုသဂေဟာနှင့်ဆေးခန်း များ၊ ကလေးကစားကွင်းများ၊ အားကစားကွင်းနှင့် အားကစားရုံ များ၊ တက္ကသိုလ်၊ ကောလိပ်စာသင်ခန်းများ၊ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်နေရာများ၊ ရုပ်ရှင်ရုံများ၊ ဇာတ်ရုံ၊ ဈေးဝယ်စင်တာများ၊ ဈေးရုံများ၊ အများပြည်သူသုံးစာကြည့်တိုက်များ၊ မော်တော်ယာဉ် နှင့် လေယာဉ်များ၊ လေအေးပေးစက်တပ်ဆင်ထားသော ခန်းမများ ပါဝင်သည်။ ဆေးလိပ်ကို မဖြစ်မနေသောက်တတ်သူများအနေ ဖြင့် မိမိဆန္ဒကြောင့် အခြားသူများအား အန္တရာယ်မဖြစ်စေရန် ကန့်သတ်တားမြစ်ထားသောနေရာများ၌ မသောက်မိရန်လိုအပ် သည်။
နှစ်စဉ် ဆေးလိပ်မီးခိုးအန္တရာယ်ကြောင့် ရောဂါဖြစ်ပွားသူ အများအပြားရှိသည်။ အထူးသဖြင့် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များသည် ဆေးလိပ်မီးခိုးအန္တရာယ်ကို ခံစားနေရကြရသည်။ ဆေးလိပ်မီးခိုးအတွင်း လူကိုဘေးဖြစ်စေနိုင်သည့် ဒြပ်ပစ္စည်း အမြောက်အမြားပါဝင်လျက်ရှိသည်။ ဆေးလိပ်မီးခိုးရှုရှိုက်မိပါက ရေရှည်တွင် ရောဂါတစ်ခုခုခံစားရနိုင်ပြီး၊ လေဖြတ်ရောဂါ၊ နှလုံး ရောဂါဖြစ်ပွားရန် အားပေးသည့်အမူအကျင့်များဖြစ်သောကြောင့် ရှောင်ကြဉ်သင့်သည်။ ဆေးလိပ်သောက်သုံးခြင်းသည် မူးယစ် ဆေးစွဲဘဝသို့ ရောက်ရှိစေသောအမူအကျင့်များဖြစ်ကြောင်း ကျွမ်းကျင်သူပညာရှင်များက သုံးသပ်ပြောကြားထားသည်။
ကွမ်းယာစားသည့် အလေ့အထသည် မြန်မာနိုင်ငံတွင် ရှေးနှစ် ပေါင်းများစွာကတည်းကရှိခဲ့သည်။ သာမန်အားဖြင့် ကွမ်းတစ်ယာ တွင် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနှင့် ဆေးရွက်ကြီးတို့ပါဝင်ပြီး ကွမ်းစားခြင်း၊ ဆေးငုံခြင်းတို့ကို စွဲစွဲလမ်းလမ်းစားသုံးကြသည်။ နောင်ကာလများတွင် ဆေးပေါင်း၊ နှပ်ဆေးစသဖြင့် ဆေးရွက်ကြီးကို ဓာတ်တိုးအောင်ပြုပြင်မှုများကြောင့် ပိုမိုစွဲလမ်းစားသုံးလာကြ သည်။ ကွမ်းစားသုံးခြင်းကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အသံအိုး ကင်ဆာစသည့် ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက အသိပေးထားသည်။
သို့ပါ၍ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆေးလိပ်သောက်သုံးခွင့်မရှိသောနေရာများ တွင် ဆေးလိပ်သောက်သုံးခြင်းအား ဆင်ခြင်လိုက်နာဆောင်ရွက် သင့်ကြောင်း ။ ။