ဝါရှင်တန် မေ ၁၅
Colonial ပိုက်လိုင်းကုမ္ပဏီ ဟက်ကာတိုက်ခိုက်မှုသည် ရုရှား အစိုးရနှင့်သက်ဆိုင်သည်ဟု အမေရိကန်အနေဖြင့် မယူဆကြောင်း၊ သို့သော်လည်း ဆိုက်ဘာတိုက်ခိုက်သူသည် ရုရှားတွင်ရှိသည်ကို ယုံကြည်ရန် အမေရိကန်တွင် အကြောင်းတရားအပြည့်အဝရှိကြောင်း ဘိုင်ဒင်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။
တာဝန်ခံမှုရှိသည့် နိုင်ငံက ငွေညှစ်ရန်လုပ်ဆောင်သည့် ဆိုက်ဘာပြစ်မှုကျူးလွန်နေသည့် ကွန်ရက်ကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကို အမေရိကန်က ရုရှားနှင့် အမြဲဆွေးနွေးမှုများရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံတကာစံချိန် စံညွှန်းများကို တည်ဆောက်ဖို့ကြိုးပမ်းနေကြောင်း၊ မစ္စတာပူတင် နှင့်တွေ့ဆုံဆွေးနွေးသည့်အခါ ယင်းကိစ္စကို ဆွေးနွေးလိုကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။
Colonial ပိုက်လိုင်းကုမ္ပဏီ၏ ပိုက်လိုင်းသည် အမေရိကန်၏ အဓိကအကျဆုံး ရေနံပိုက်လိုင်းတစ်ခုဖြစ်ကာ ယခုလ ၇ ရက်တွင် ဟက်ကာများက ယင်းကုမ္ပဏီ၏ ကွန်ပျူတာစနစ်ကို Encryption lock လုပ်၊ လျှို့ဝှက်အချက်အလက်များကိုခိုးယူပြီး အချက်အလက် ဖွင့်ချမည်ဟုဆိုကာ ငွေညှစ်ခဲ့သည်။ မလွှဲသာသည့်အခြေအနေကြောင့် ယင်းကုမ္ပဏီက စွမ်းအင်ပံ့ပိုးမှုကွန်ရက်ကို အချိန်အတိုင်းအတာ တစ်ခုထိရပ်ဆိုင်းခဲ့ခြင်းကြောင့် အမေရိကန် အရှေ့ဘက်ကမ်း လောင်စာဆီစသည့် စွမ်းအင်ပံ့ပိုးမှုကို အကြီးအကျယ်ရိုက်ခတ်ခဲ့သည်။ ဆိုက်ဘာ တိုက်ခိုက်မှုကို “DarkSide” ဟက်ကာအဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့သည် ရုရှားသို့မဟုတ် အရှေ့ဥရောပနိုင်ငံများတွင် အခြေစိုက်ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က မေ ၁၀ ရက်တွင် အတည်ပြုခဲ့သည်။ ရုရှားသမ္မတ သတင်းပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov ကမူ ယခုဖြစ်ပွားသည့် ဆိုက်ဘာ တိုက်ခိုက်မှုမှာ ရုရှားနှင့်သက်ဆိုင်မှုမရှိဟု မေ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။
မျိုးဝင်း (Ref; AP)