တီးတိန် မေ ၁၉
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပထမဆုံးတွေ့ရှိခဲ့သော ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို Lock-down ချထားခြင်းကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက မေ ၁၅ ရက်ကစတင်ပြီး ပယ်ဖျက်လိုက်ကြောင်း သိရသည်။
ကပ်တဲလ်ကျေးရွာကို မတ် ၂၃ ရက်ကစတင်ပြီး အသွားအလာစတင်ကန့်သတ် ပိတ်ဆို့ခဲ့ပြီး ၄၅ ရက် အကြာ Lock-down လုပ်ခဲ့သည့်အပြင် တောင်ယာသွားခွင့်ကိုလည်း ပိတ်ထားခဲ့ခြင်းကြောင့် သီးနှံစိုက်ပျိုးမှုများနောက်ကျပြီး အခက်အခဲများရှိနေကြောင်း ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ကျေးရွာတစ်ခုလုံး Lock-down ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများစိုက်ပျိုးမွေးမြူရေး၊ စီးပွားရေး၊ စားဝတ်နေရေးများတွင် ဆုံးရှုံးမှုများဖြင့်ရင်ဆိုင်နေရကြောင်း ချင်းပြည်နယ်အစိုးရက ဗဟိုကော်မတီကိုတင်ပြ ထားကြောင်းသိရသည်။
Lock-down ကာလအတွင်း ပြည်နယ်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကကျေးရွာသူ၊ ကျေးရွာသား များကို အစားအသောက်နှင့် ထောက်ပံ့ကူညီမှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိကပ်တဲလ်ရွာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာလေးဦးရှိပြီး၊ ပထမဆုံးကူးစက်ခံရသော လူနာမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်း၊ တီးတိန်မြို့၌ အသွားအလာကန့်သတ် (Quarantine) နေထိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်