ဘန်ကောက် မေ ၁၃
အိန္ဒိယနိုင်ငံတွင် ကူးစက်မှုနှုန်းမြင့်မားပြီး လူသေဆုံးမှုကို မြင့်တက်နေစေသည့် B1617 သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ထိုင်းနိုင်ငံကို ပျံ့နှံ့ရောက်ရှိလာပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ကြေညာလိုက်သည်။ ထိုင်းနိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးထံတွင် B1617 သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းမှာ ခရီးသွားရာဇဝင် ရှိထားသူလည်းဖြစ်နေကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသမီးအပါအဝင် အသက်လေးနှစ်၊ အသက်ခြောက်နှစ်နှင့် အသက်ရှစ်နှစ်အရွယ် ရှိသည့်သားသမီးများမှာ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ပါကစ္စတန်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် B1617 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အမျိုးသမီးနှင့် မိသားစုဝင်များကို ပြည်နယ်အဆင့် ကွာရန်တင်းစင်တာ တွင်ထားရှိလိုက်ပြီး လက်ရှိတွင် ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေး ဌာနက နိုင်ငံတွင်းဝင်ရောက်လာသူ ခရီးသွားအားလုံးကို အနီးကပ် စောင့်ကြည့်သွားရန် ပြင်ဆင်နေပြီဖြစ်သည်။ ထိုင်းအစိုးအရအနေဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ထိုင်းနိုင်ငံသို့ လာရောက်မည့်သူများကို ပြည်ဝင်ခွင့်ပိတ်ထားလိုက်ပြီဖြစ်ကာ ပြီးခဲ့ သည့်လအတွင်းက နိုက်ကလပ်များ၊ ပါတီပွဲလမ်းသဘင်များနှင့် ဖျော်ဖြေပွဲများ ကျင်းပဖွင့်လှစ်ခွင့်ပေးလိုက်ခြင်းကြောင့် လက်ရှိတွင် Covid တတိယလှိုင်းကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (Ref;BBC)