မော်လမြိုင်၊ မေ ၁၈
မွန်ပြည်နယ်တွင် သက်ဆိုင်ရာမှ လိုက်လံစစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် စက်ရုံ၊အလုပ်ရုံ အများအပြား ကျန်ရှိနေသေးသဖြင့် အလုပ်ရှင်များအနေနှင့် လုပ်ငန်းများ ယာယီရပ်နားထားရသလို အလုပ်သမားအများစုမှာလည်း ယင်းတို့ စက်ရုံ၊အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို စောင့်မျှော်နေကြရ ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း စုစုပေါင်း စက်ရုံ၊အလုပ်ရုံ ၂၇၀ဝ ကျော်ရှိသည့်အနက် ယခုလက်ရှိတွင် ၈၈ ရုံခန့်သာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိသေးသည့်အတွက် ကျန်ရှိနေသော စက်ရုံ၊အလုပ်ရုံများကိုလည်း သက်ဆိုင်ရာမှ အမြန်ဆုံးလာရောက်စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် လုပ်ငန်းရှင်များက တောင်းဆိုထားကြသည်။
ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် နိုင်ငံအတွင်းရှိ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များနည်းတူ မွန်ပြည်နယ်တွင်လည်း စက်ရုံ၊အလုပ်ရုံများ ပြီးခဲ့သည့် ဧပြီလကတည်းက ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် စက်ရုံ၊အလုပ်ရုံပေါင်း ၁၅၀ နီးပါးကို စစ်ဆေးဆောင်ရွက်ပြီး ၈၈ ရုံခန့်ကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့ကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိ သော စက်ရုံ၊အလုပ်ရုံများတွင် ဆန်စက်များ၊ ဆေးဝါး၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သောစက်ရုံများ အများဆုံးပါဝင်ကြောင်း သိရသည်။
ကျန်ရှိနေသော စက်ရုံ၊အလုပ်ရုံများတွင်လည်း ပြည်သူများအတွက် အခြေခံကုန်ပစ္စည်းများ ထုတ်လုပ် ပေးသော စက်ရုံ၊အလုပ်ရုံများနှင့် အလုပ်အကိုင်အခွင့်အလမ်း အများအပြား ဖန်တီးပေးထားသော စက်ရုံ၊ အလုပ်ရုံများ ပါဝင်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးပြီး သတ်မှတ်ထားသော COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် လုပ်ငန်းရှင်များက တောင်းဆိုထားကြကြောင်း သိရသည်။
(ဆောင်းဦး)