ဗန်ကောက်၊ မေ ၁၈
ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရာသီဝပ်ခရိုင်က ဆန်ဂိုင်းခိုလော့မြို့လေးတွင် လူမှောင်ခိုများ၏ လက်အတွင်းက နှစ်လခန့် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်တင်လိုက်ကြောင်း မေ ၁၇ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ လူမှောင်ခိုဂိုဏ်းအဖွဲ့က လူတစ်ဦးကို မြန်မာငွေကျပ် ၁၀ သိန်းစီဖြင့် မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟုခေါ်သွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ခရီးသွားလာမရသည့်အတွက် လူမှောင်ခိုသမားများက အကြောင်းပြပြီး နေအိမ်တစ်လုံး၌ ထည့်လှောင်ခံထားရကြောင်း သိရသည်။
ထိုသို့ ပိတ်မိနေသူများက သံရုံးကိုဆက်သွယ်လာသည့်အတွက် သံရုံးက အကူအညီတောင်းခြင်းကြောင့် ထိုင်းစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က အချိန်မီ သွားရောက်ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(မြင့်မြတ်အောင်မြင်)