ဂျေရုဆလင် မေ ၁၂
အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၀ ရက် ညပိုင်း အချိန်၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် အစ္စရေးနိုင်ငံအနေဖြင့် ယင်းနေ့၌ ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမက်စ်(Hamas) အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနအရာရှိ တစ်ဦးက အစ္စရေးနိုင်ငံ၏ အဆိုပါဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပါလက် စတိုင်းတွင် လူ ၂၀ သေဆုံး ခဲ့ရပြီး ၎င်းတို့အနက် ၉ ဦးမှာ ကလေး သူငယ်များဖြစ်ကြောင်း ပြောကြားခဲ့ သည်။
အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်တွင် မေ ၁၀ ရက် ၁၈ နာရီ မှ ညပိုင်းအချိန်ထိ ဂါဇာဒေသမှ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံသို့ ဒုံးကျည်အစင်းပေါင်း ၁၅၀ ကျော် ပစ်လွှတ်ခဲ့ပြီး ၎င်းတို့အနက် ၁၀ စင်းအား တားဆီးနိုင်ခဲ့ကြောင်း၊ လက်တုံ့ပြန်မှုအနေဖြင့် အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာက ဂါဇာဒေသရှိ Hamas အဖွဲ့ စစ်ဘက် ဆိုင်ရာ ပစ်မှတ်အမြောက်အမြားကို ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ဒုံးကျည်ပစ်လွှတ်သည့်စင်နှစ်ခု၊ စစ်ဘက်ဆိုင်ရာ ကင်းစောင့်ဂိတ်နှစ်ခု၊ မြောက်အောက်လိုဏ်ခေါင်းတစ်ခုတို့ကို ဗုံးကြဲ ဖျက်ဆီးနိုင်ခဲ့ပြီး Hamas အဖွဲ့ဝင် ၈ ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။
အစ္စရေးနိုင်ငံ သတင်းမီဒီယာများ၏ဖော်ပြချက်အရ ဂါဇာဒေသမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကြောင့် အစ္စရေးနိုင်ငံသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အစ္စရေးနိုင်ငံ၌ စာသင်ကျောင်းနှင့် လူစုလူဝေးဖြစ်စေနိုင်သောလှုပ်ရှားမှုများကို ရပ်နားခဲ့ပြီး အများပြည်သူလေကြောင်းကာကွယ်ရေး အဆောက် အဦးများကို ဖွင့်လှစ်ပေးလိုက်ကြောင်း သိရှိရသည်။ ဂါဇာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန အရာရှိ၏ ပြောဆိုချက်ဖြင့် အစ္စရေးနိုင်ငံ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့ရပြီး ၆၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ သေဆုံးသူများအနက် ၉ ဦးမှာ ကလေးငယ်များဖြစ်ကြောင်း ပါလက်စတိုင်း သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ Hamas အဖွဲ့ကလည်း အစ္စရေးနိုင်ငံအား ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေး နိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu က မေ ၁၀ ရက်ညပိုင်းအချိန်၌ မိန့်ခွန်းပြောကြားရာတွင် Hamas အဖွဲ့အနေဖြင့် မျဉ်းနီကို ကျော်လွန်သွားပြီဖြစ်သောကြောင့် အစ္စရေးနိုင်ငံကပြင်းထန် သည့် တုံ့ပြန်မှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိချိန်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ်က ယခုဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံအဆင့်မြင့်အရာရှိ များနှင့် ဆွေးနွေးမှုဆောင်ရွက်နေကြောင်း သိရှိရသည်။
အစ္စရေးနိုင်ငံ သတင်းမီဒီယာများ၏ဖော်ပြချက်အရ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဂျေရုဆလင်သို့ ဝင်ရောက်သည့်စစ်ဆေး ရေးဂိတ်တွင် အင်အားများစွာပိုမိုချထားခဲ့ပြီး မကြာမီရောက်ရှိ တော့မည့် အိဒ်စ်နေ့နှင့် ပါလက်စတိုင်း Nakba Day ကာလတွင် လုံခြုံမှုရှိစေရန်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (Ref;Xinhua)