ရန်ကုန် မေ ၁၈
ပြည်တွင်း၌ COVID-19 ကြောင့် ကျဆင်းနေသော ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များပူးပေါင်းပြီး ခရီးသွားလုပ်ငန်းဝန်ဆောင်မှု(အခြေခံ)သင်တန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု(အခြေခံ)သင်တန်းများတွင် Communication and Introduction of Foreign Language Module , Service Attitude Module , Health and Hygiene Module နှင့် Safety and Security Module များသင်ကြားပေးမည်ဖြစ်သည်။
ထိုသင်တန်းများသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ခရီးသွားဒေသများမှ အနှေးယာဉ်လုပ်သားများ၊ မြင်းလှည်းမောင်းသူများ၊ အငှားယာဉ်မောင်းများ၊ စက်လှေမောင်းသူများ၊ဈေးသည်များနှင့် လက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းသူများ အစရှိသော အခြေခံလူတန်းစားများ တက်ရောက်နိုင်ပြီး ယင်းတို့အနေနှင့် လွယ်ကူစွာနားလည်နိုင်မည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းများကို COVID-19 ကန့်သတ်ကာလအလွန် လာမည့်ဇွန်လအတွင်း မန္တလေးနှင့် ပုဂံတို့တွင် စတင်ဖွင့်လှစ်ရန် ရည်မှန်းထားပြီး နောက်ပိုင်းတွင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ခရီးသွားဒေသများတွင်လည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ရက်သတ္တ ၄ ပတ် ကြာမြင့်မည်ဖြစ်ပြီး အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကြေးသုံးသောင်းကျပ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ COVID-19 Stimulus Package မှ ကျခံပေးမည့်အပြင် သင်တန်းတက်ရောက်ခွင့်ရသော သင်တန်းသားများအား သင်တန်းကာလအတွင်း တစ်ရက်လျှင် ၄၈၀ဝ ကျပ်နှုန်း ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရုံးခွဲများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ နှင့် ဧည့်လမ်းညွှန်အသင်းများတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)