ခတ္တမန္ဒု မေ ၁၀
အသက် ၅၁ နှစ်ရှိပြီးသူတစ်ဦးဖြစ်သည့် နီပေါနိုင်ငံသား Kami Rita Sherpa သည် ပြီးခဲ့သည့် မေလ ၇ ရက်က ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်ဖြစ်သည့် ဧဝရက်တောင်ထိပ်သို့ ၂၅ ကြိမ်မြောက် တက် ရောက်နိုင်ခဲ့သဖြင့် ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။
Kami Rita အနေဖြင့် အခြားသော မိမိ၏လူမျိုး ၁၁ ဦးနှင့်အတူ တောင်ထိပ်သို့ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တောင်တက် ရာသီတွင် Kami Rita ပါဝင်သော အဖွဲ့မှာ ဧဝရက်တောင်ထိပ်သို့ ပထမဦးဆုံးတက်နိုင်ခဲ့သော တောင်တက်အဖွဲ့ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ချီးကျူးခဲ့ကြသည်။ Kami Rita သည် ၁၉၉၄ ခုနှစ် မေလတွင် ဧဝရက်တောင်ထိပ်အား ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ယင်းအနေဖြင့် အချိန်တစ်ပတ်အတွင်း ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ်အား ၂ ကြိမ်တက်ရောက်နိုင်ခဲ့ပြီး ယင်း၏ ၂၃ ကြိမ်နှင့် ၂၄ ကြိမ်မြောက် ကမ္ဘာ့စံချိန်ကို တင်နိုင်ခဲ့သည်။ ယင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ဧဝရတ်တောင်ထိပ်အား ထပ်မံ တက်ရောက်ရန်စီစဉ်ခဲ့သော်လည်း နီပေါနိုင်ငံအစိုးရ၏ ကပ်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆောင်ရွက်မှုကြောင့် နွေရာသီ တောင်တက်အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ လက်ရှိချိန်တွင် ကပ်ရောဂါဖြစ်ပွားမှုမှာ မပြီးစီးသေးသော်လည်း နီပေါနိုင်ငံအစိုးရက ယခုနှစ်တွင် တောင်တက်လှုပ်ရှားမှုအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး စံချိန်တင် တောင်တက်ခွင့်ပြုချက်ပေါင်း ၄၀၈ ခုကို ထုတ်ဝေပေးခဲ့ သည်။
မျိုးဝင်း