ဘန်ကောက် မေ ၉
လာမယ့်အောက်တိုဘာလမှစတင်ကာ Covid ကာကွယ်ဆေး ထိုးနှံထားပြီးသည့် ခရီးသွားဧည့်သည်များကို Covid နှင့်ဆိုင်သည့် စည်းကမ်းတင်းကြပ်မှုများစွာကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအာဏာပိုင်များက မေလ ၈ ရက်က ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံသည် နိုင်ငံခြားသားခရီးသွားများ အဓိကထားလာရောက် လေ့ရှိသည့် ခရိုင် ၁၀ ခုကို ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်စီစဉ်ထားကာ လက်ရှိတွင် ထိုင်းနိုင်ငံကို လာရောက်သည့် နိုင်ငံခြားသားခရီးသွား ဖြစ်စေ၊ နေရပ်ပြန်နိုင်ငံသားဖြစ်စေ ကွာရီတင်း စင်တာသို့ ၁၄ ရက် ဝင်ရောက်ရန် ထုတ်ပြန်ထားချက်ကိုဖြေလျှော့မှုများ ဆောင်ရွက်နိုင် ရန်ကြိုးပမ်းနေကြောင်း သိရသည်။
ယခင် ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား အရေအတွက် ၃၉ ဒသမ ၉ မီလီယံ ဝင်ရောက်ခဲ့ပြီး ထိုင်းခရီးသွား လုပ်ငန်းသည် ဝင်ငွေပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃၂ ဘီလီယံ ရရှိခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ Covid 19 ဖြစ်စဉ်များကြောင့် ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု စံချိန်တင်ကျဆင်းသွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့လာ ရောက်ခဲ့သူ ခရီးသွားအရေအတွက်မှာ ၆ ဒသမ ၇ သန်းသာ ရှိခဲ့သည်။
ရဲခေါင် (ref; Bangkok Post)