နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ အော်ဒါသစ်ရရှိမှု ရပ်ဆိုင်းသလောက်ဖြစ်နေ

ရန်ကုန်   မေ  ၁၈


ကမ္ဘာ့နိုင်ငံများတွင် COVID ဖြစ်ပွားမှုအခြေအနေကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းများ အော်ဒါသစ်ရရှိမှု ရပ်ဆိုင်းထားလုနီးပါးဖြစ်နေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။


ဥရောပနိုင်ငံများ၏ဈေးကွက်ကို မြန်မာ့အထည်ချုပ် လုပ်ငန်းအများစုက   မှီတင်းလုပ်ကိုင်နေရသော အခြေအနေများရှိနေသည့်အတွက် အော်ဒါသစ်ရရှိမှုမှာ ရပ်ဆိုင်းသလောက်ဖြစ်လာကြောင်း သိရသည်။


“လက်ရှိ နောက်ထပ် အော်ဒါသစ်တော့ မလာသေးဘူး။ အရင်ရှိတာလေးတွေ မှေးပြီး ချုပ်နေကြရတဲ့ အခြေအနေပဲ။  အော်ဒါသစ်ရရှိဖို့က မရှိသေးဘူးလို့ ပြောရမလိုဖြစ်နေတယ်။ စက်ရုံ တစ်ရုံချင်းစီရဲ့ အနေအထားချင်းကတော့ မတူနိုင်ဘူးပေါ့နော်။ ဘယ်လောက်ထိ တောင့်ခံနိုင်ကြမလဲဆိုတာတော့ ဒီ COVID  ကာလက ဘယ်လောက်ကြာမယ်ဆိုတဲ့ အပေါ်ပဲမူတည်တယ်” ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းက ပြောသည်။


လက်ရှိ မြန်မာပြည်တွင်း အထည်ချုပ်လုပ်ငန်းအများစုမှာ ယခင်ကရရှိထားသည့် အလုပ်အော်ဒါများကိုသာ ထိန်းပြီး လုပ်ငန်းလည်ပတ်နေရခြင်းဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလအထိ လည်ပတ်နိုင်ရန်ကိုပင် ထိန်းထားရသည့် အခြေအနေဖြစ်နေကြောင်း ယင်းက ဆက်လက်ပြောသည်။

အထည်ချုပ်လုပ်ငန်းအတွက် ယခင်ရရှိပြီးထားသည့် အော်ဒါများကိုထိန်းပြီး လုပ်ငန်းလည်ပတ်နေခြင်း များရှိသလို  တစ်ဖက်တွင်လည်း အော်ဒါမရရှိသည့်အတွက် စက်ရုံပိတ်သိမ်းရခြင်းနှင့် အလုပ်သမားလျှော့ချ ရသည့် စက်ရုံအများစုလည်းရှိနေပြီး၊ အလုပ်လက်မဲ့ ဖြစ်လာမှုနှုန်းမှာလည်း သိန်းနှင့်ချီရှိနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်းကြီးဌာနမှ သိရသည်။                                   

                     မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ