နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေသထွက်ကြက်သွန်ဖြူများနုတ်သိမ်းချိန် တောင်သူများအရှုံးပေါ်

မယ်စဲ့ ဧပြီ  ၂၉

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊  မယ်စဲ့ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ကန်၊ နမ့်မန်း၊ မယ်စဲ့၊ ဟိုစဲ့ ကျေးရွာ များမှ ကြက်သွန်စိုက်တောင်သူများသည် ချောင်းရေကိုအသုံးပြု၍ ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ ကိုအားထား စိုက်ပျိုးကြရာ ကြက်သွန်ဖြူနုတ်သိမ်းချိန် ကြက်သွန်ဖြူအစိုတစ်ကီလို ၂၀၀ ကျပ်ဖြင့်သာ ရောင်းချနေရသဖြင့် တောင်သူများအရှုံးပေါ်လျက်ရှိကြောင်းသိရသည်။

ဒေသခံတောင်သူများအနေဖြင့်  တောင်ယာများတွင် ရာသီအလိုက်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင် ကြရာ သီးနှံများအထွက်နှုန်းကောင်းသော်လည်း ဒေသ၏ဈေးကွက်အခြေအနေအရဈေးနှုန်းကျဆင်းသဖြင့် တွက်ခြေမကိုက်ကြောင်းတောင်သူများထံမှ သိရသည်။ ယခင်ကမယ်စဲ့ဒေသမှကြက်သွန်ဖြူကို အိမ်နီးချင်း ထိုင်းနိုင်ငံမှ ပြန်လည် စိုက်ပျိုးရန်အတွက် မျိုးအနေဖြင့် ကြက်သွန်ဖြူအစိုတစ်ကီလိုလျှင် ထိုင်းဘတ် ၃၀ မှ ၃၅ ဘတ်အထိလည်းကောင်း၊ အခြောက်တစ်ကီလိုလျှင် ထိုင်းဘတ် ၁၀၀ မှ ၁၂၀ အထိလည်းကောင်းဈေးကောင်း ရရှိခြင်းကြောင့် ကြက်သွန်ဖြူ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းပါက စီးပွားဖြစ်စိုက်ပျိုးတောင်သူများအဆင်ပြေ ကြသည်။

ဒေသမျိုးဖြစ်သည့် ရှမ်းကြက်သွန်ဖြူကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး လေးလအကြာ ဧပြီလတွင် နုတ်သိမ်းရောင်းချရသည်။ ရှမ်းကြက်သွန်ဖြူသည် အခွံပါးကာအနံ့အရသာ မွှေးကြိုင်သဖြင့် စားသုံးသူများ ကြိုက်နှစ်သက်သော်လည်းလက်ရှိတွင် ဈေးကွက်၌ အစိုတစ်ကီလိုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေရပြီး အချို့မှာဝယ်ယူသူမရှိသဖြင့် ရောင်းချရခြင်းမရှိဘဲလှောင်ကြက်သွန်အနေဖြင့်သာထားရှိကြရသည်။ မယ်စဲ့မြို့နယ်သည် နယ်စပ်ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်ဖျားခြင်းကြောင့် ပြည်တွင်းဈေးကွက်သို့ တင်ပို့လိုသော်လည်းဒေသတွင်းကုန်သည်များအနေဖြင့် ဈေးနှုန်းအနည်းငယ်ဖြင့် ဝယ်ယူ သိုလှောင် ထားပြီး ပြည်တွင်းဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရာတွင် သယ်ယူစရိတ်များပြားမှုကြောင့် တွက်ခြေမကိုက်ကြောင်း ဒေသတွင်းကုန်သည်တစ်ဦးထံမှ သိရသည်။

“အရင်နှစ်ကြက်သွန်ဖြူပေါ်ချိန်မှာကိုဗစ်-၁၉ကြောင့် ကြက်သွန်ဖြူရောင်းချရမှုနည်းတယ်။ ကုန်သွယ်ရေးလမ်းကြောင်းခေတ္တပြန်ဖွင့်ချိန် ထိုင်းနိုင်ငံမှ အနည်းငယ်လာရောက်ဝယ်ယူတဲ့အတွက် ရောင်းချရတယ်။ ဒါပေမယ့် ဈေးတော့ မကောင်းဘူး။ နောက်လမ်းတွေပြန်ပိတ်သွားတဲ့အတွက် တစ်ချို့တောင်သူတွေဆိုရင် ခုချိန်အထိပိုက်ဆံမရကြသေးဘူး။ ဒီနှစ်လည်းကြက်သွန်နုတ်သိမ်းချိန် ထိုင်းနိုင်ငံမှာကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း များပြားလာတဲ့အတွက် နယ်စပ်ဂိတ်တွေပြန်ပိတ်လိုက်ပြန်တယ်။ ဒါကြောင့် ထိုင်းက လာရောက် မဝယ်ယူတော့ဘူး။ ကြက်သွန်အစိုကို ၂၀၀ ကျပ်နဲ့ စိုက်ခင်းအထိ လာရောက်ဝယ်ယူသော်လည်း ကြက်သွန်စိုက်ပျိုးချိန် အလုပ်သမားခ၊ ပေါင်းလိုက်ခ၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးတွေစတဲ့စိုက်ပျိုးစရိတ် ကုန်ကျမှုတွေများပြားတဲ့အတွက် စိုက်ပျိုးတောင်သူတွေအရှုံးပေါ်တယ်။ ဒါကြောင့် လှောင်ထားတဲ့ ကြက်သွန် ဖြူတွေခြောက်ချိန်ဈေးကောင်းရရှိဖို့ မျှော်လင့်နေရတယ်” ဟုကြက်သွန် စိုက်တောင်သူဒေါ်ခင်ယုက ပြော သည်။                                                                                                                  ဝတ်ရည်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ