နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေဖြတ်ရောဂါသတိပြုစရာ

ရန်ကုန်၊ ဧပြီ ၂၆

လူ့ခန္ဓာကိုယ်၏အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်သည့်ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် လုံလောက်သောသွေးပမာဏကိုမရရှိပါက အဆိုပါဦးနှောက်အစိတ်အပိုင်းနှင့် သက်ဆိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်း၏ လုပ်ငန်းများရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လေဖြတ်ရောဂါအမျိုးအစားကြီး နှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။ လေဖြတ်ရောဂါသည် ဦးနှောက်သို့သွေး သွားလာ စီးဆင်းမှုရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောရလဒ်ဖြစ်သည်။  ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ ၁၅သန်း မှာ လေဖြတ်ရောဂါခံစားရပြီး ယင်းတို့အနက် လူဦးရေခြောက်သန်းမှာအသက်ဆုံးရှုံးလျက် ရှိနေကြောင်း၊ လူခြောက်ဦးလျှင် တစ်ဦးသည် ယင်း၏ဘဝသက်တမ်းတစ်လျှောက် တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါဖြစ်ပွား နိုင်ချေရှိပြီး အချိန် ခြောက်စက္ကန့်တွင် လေဖြတ်ရောဂါကြောင့် သေဆုံးရသူတစ်ဦး ရှိနေကြောင်း သိရသည်။

ကူးစက်ရောဂါကာကွယ်ခြင်းနှင့် ပျံ့ပွားခြင်းဆိုင်ရာ လေ့လာမှုသစ်အရ အပူလွန်ကဲခြင်းနှင့် အအေးလွန်ကဲ ခြင်းသည် ရုတ်တရက်နှလုံးခုန်ရပ်တန့်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့ဖြစ်ပြီး သေဆုံးမှုနှုန်း တိုးတက်လာ နိုင်သည်ဟု သုတေသနပညာရှင်တို့က ထုတ်ပြန်ထားသည်။ အပူလွန်ကဲခြင်းသည် သွေးကိုပျစ်စေပြီး သွေးကြောပိတ်ခြင်းကို ဖြစ်ပေါ်စေသည်။ အအေးလွန်ကဲခြင်းသည် သွေးပေါင်အတက်၊ အကျကိုဖြစ်စေသည်။ သို့ဖြစ်ရာ လေဖြတ်ရောဂါဖြစ်ပွားစေရန် အားပေးသည့်အမူအကျင့်များဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။

လေဖြတ်ရောဂါကြိုတင်ကာကွယ်နိုင်ရန် သွေးပေါင် မှန်မှန်ချိန်ခြင်း၊ အချို၊ အဆီ၊ အငန်ဓတ်လွန်သော အစားအသောက်များကိုရှောင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုခြင်းတို့ကို ဆောင်ရွက်သင့်သည်။ လေဖြတ်မှုများတွင် အသက် ၅၀ မှ ၆၄ နှစ်ကြား၊ သက်လတ်ပိုင်းများသည် ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ အရွယ်ငယ်သက်လတ်ပိုင်းများတွင် လေဖြတ်များခြင်းသည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့သည်ဟု သိရသည်။ ကမ္ဘာ့အနှံ့လေဖြတ်ခြင်း ပြဿနာမှာ လျှင်မြန်စွာကြီးထွားလာမှုကြောင့် လေဖြတ်သည့်ဘေးမှ ကာကွယ်ရေးနည်းလမ်းများကို သတိပြုဆင်ခြင် လိုက်နာစေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ