ရန်ကုန် ၊ မေ ၁၇
မိုးရာသီကာလတွင် မြန်မာနိုင်ငံဒေသအသီးသီးတွင် ဝါးဓနိနှင့်ဆောက်လုပ်သည့် နေအိမ်အဆောက် အအုံများပြင်ဆင် ဆောင်ရွက်လေ့ရှိသကဲ့သို့ ပင်လယ်ကမ်းခြေဒေသများရှိ ပင်လယ်ရေးလုပ်ငန်းအဆောက် အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း အမိုးအကာများပြန်လည်ပြင်ဆင်မှုများကို ဆောက်ရွက် လျက်ရှိသည်။
ထို့ကြောင့်မိုးရာသီကာလများတွင် ပင်လယ်ကမ်းခြေဒေသများရှိ ဓနိဈေးကွက် သွက်လက်လှုပ်ရှား လာလေ့ရှိသည်။ ကမ်းခြေဒသခံဓနိကုန်သည်များအနေနှင့် ရန်ကုန်မြို့ ဓနိဈေးကွက်များသို့အဓိကတင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြို့နယ်များနှင့် သန်လျင်မြို့နယ်များသည် အဓိကဓနိဈေးကွက်ကြီးများဖြစ်သည်။
အဆိုပါဈေးကွက်များတွင် မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသ ဖျာပုံမြို့နယ်၊ တယ်ပင်ဆိပ်ဒေသမှ ထွက်ရှိသည့် ဓနိနှင့်လပွတ္တာမြို့နယ် လှိုင်းဘုန်းဒေသများမှထွက်ရှိသည့် ဓနိများမှာ ဈေးအကောင်းဆုံးနှင့် လူကြိုက်အများဆုံး ဓနိများဖြစ်သည်။ ယခုအခါ မိုးမရွာမီ နေအိမ်အဆောက်အုံများကို ပြင်ဆင်ဆောင်ရွက် နေကြသဖြင့် ဓနိဈေးကွက် ဈေးကောင်းကာဈေးကွက် သွက်လက်လှုပ်ရှားလျက်ရှိသည်။ ထို့ကြောင့် တယ်ပင် ဆိပ်ကျေးရွာနှင့်လှိုင်းဘုန်းကျေးရွာများတွင် ရန်ကုန်မြို့သို့တင်ပို့ရောင်းချမည့် ဓနိတင် စက်လှေအများအပြားဆိုက်ကပ်နေကြောင်း သိရသည်။
လက်ရှိပင်ရင်းဈေးကွက်များတွင် ဓနိအပျစ်ရေတစ်ရာလျှင် ငွေကျပ်ငါးထောင်မှ ခြောက်ထောင်ကျပ် အထိပေါက်ဈေးရှိနေပြီးမြို့ ဓနိအဝယ်ဒိုင်ဈေးကွက်များတွင် ဓနိပျစ်တစ်ရာလျှင် ငွေကျပ်ရှစ်ထောင်မှ ကိုးထောင်အထိ ဈေးနှုန်းရရှိနေပြီး လက်လီဈေးကွက်များတွင် ဓနိပျစ်တစ်ရာလျှင် ငွေကျပ်တစ်သောင်း အထက် ဈေးနှုန်းရှိနေသည်ဟုဆိုသည်။
ယခုအခါ မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းခြေဒေသများတွင် ဓနိဈေးကွက် သွက်လက်လှုပ်ရှားနေသဖြင့် ဓနိသယ်ယူရန် စက်လှေငှားရမ်းသည့်လုပ်ငန်းများ အဆင်ပြေနေသကဲ့သို့ ဓနိတံရောင်းချသည့် လုပ်ငန်းများ၊ ဓနိခုတ်သူများ၊ ဓနိထိုးသူများ၊ လက်လုပ်လက်စားအလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနေသည်ဟုဆိုသည်။ တချို့သောမိသားစုများမှာဓနိအလုပ်ရုံများမှ ဓနိများကို မိမိတို့၏ နေအိမ်များသို့ ယူဆောင်ကာ မိသားစု စုပေါင်းဓနိထိုးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကာ မိသားစုအလိုက် လုပ်အားခဝင်ငွေများရရှိနေကြောင်း သိရသည်။
ရွှေဒုံသစ္စာ