နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေရာသီအတွက်အလှပြင်နည်းလမ်းကောင်းများ

ရန်ကုန် ဧပြီ ၂၅

မိတ်ကပ်အလှပစ္စည်းတွေဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်အဖော်မွန်ပါ။ ဒါကြောင့်လည်း နွေ၊ မိုး၊ ဆောင်းဥတုရာသီအလီလီပြောင်းလဲသွားပါစေ မပြောင်းလဲတာ တစ်ခုကတော့ အမျိုးသမီးများမိတ်ကပ် လိမ်းခြယ်ကြခြင်းပဲ ဖြစ်ပါတယ်။ သို့သော်ပြောင်းလဲနေတဲ့ရာသီဥတုနှင့် သဟဇာတဖြစ်အောင်လျော်ကန် သင့်မြတ်တဲ့ အလှပြင်ပစ္စည်းအမျိုးအစားကို ရွေးချယ်တတ်ပါမှ တစ်နေ့တာလုံးလှနေမှာဖြစ်ပြီး အသားအရေ လည်းကျန်းမာလတ်ဆတ်စေမှာဖြစ်ပါတယ်။

အိုဇုန်းလွှာပေါက်ပြဲပျက်စီးနေခြင်းရဲ့ဘေးထွက်ဆိုကျိုးများ ကြောင့် တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးပူနွေးလာပြီး၊ အထူးသဖြင့်နွေဥတုဟာ ခါတိုင်းထက် ပူပြင်းလာပါတယ်။ နွေရာသီမှာ မျက်နှာအဆီပြန်ချွေးပေါက်တွေပိတ်သွားပြီး ဝက်ခြံတွေထွက်လာမှာဖြစ်သောကြောင့် အလှပြင်နည်းလမ်းကောင်းများကို အောက်ပါအတိုင်းအကြံပြုရေးသားလိုက်ရပါတယ်။ (၁) မိတ်ကပ်မလိမ်းခင်မှာ SPF ပါတဲ့ Toner ကိုဦးစွာလိမ်းပေးပါ။ (၂) မျက်နှာအဆီပြန်တတ်လွန်းသူတွေအဖို့နွေရာသီမှာ နို့ရည်ကိုလုံးဝ မလိမ်းသင့်တော့ပါဘူး။ ၎င်းအစားခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးတဲ့နေလောင်ကာကရင်မ်(Sun Block Cream) လိမ်းပေးရမှာပါ။ SPF ပမာဏများလေကောင်းလေပါပဲ။

ဒါမှသာနေလောင်ဒဏ်ကိုခံနိုင်ပြီး အသားအရေပျက်စီးခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။(၃) နွေရာသီအတွက်မိတ်ကပ်လိမ်းတဲ့အခါ အဆီများတဲ့မိတ်ကပ်ကိုရှောင်ရှားပါ။ ရေဓာတ်များများပါဝင်တဲ့မိတ်ကပ်ကိုရွေးချယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ပူအိုက်တဲ့ရာသီဖြစ်တာကြောင့် မိတ်ကပ်ကိုပါးပါးလေးပဲလိမ်းသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ချွေးတွေထွက်ပြီး မိတ်ကပ်တွေကွက်သွားတတ်ပါတယ်။(၄) Two Way မိတ်ကပ်ကိုမှနှစ်သက်သူများက မိတ်ကပ်ဖော့မှာရေဆွတ်ပြီး Two Way မိတ်ကပ်ကိုခပ်ပါးပါးလေးပွတ် လိမ်းပါ။ ဒါမှသာပေါ့ပေါ့ပါးပါးနဲ့ အဆီပြန်မှာကိုလဲ စိတ်မပူရတော့ပါဘူး။ အကယ်၍ Two Way မိတ်ကပ်ကို အထူကြီးလိမ်းမိတဲ့အခါ ပူပြင်းတဲ့ရာသီဥတုဖြစ်တာကြောင့် ချွေးတွေထွက်လာပြီးမိတ်ကပ်ကွက်ခြင်း၊ ပက်ကြားအက်ခြင်းတွေဖြစ်လာကာ လွန်စွာအရုပ်ဆိုးစေပါတယ်။ (၅) အဆီပြန်တဲ့အသားအရေပိုင်ရှင်များ အတွက် Moisturizer ကရင်မ်ပပ်ဖ် အမျိုးအစားကိုလုံးဝမလိမ်းသင့်ပါဘူး။ Oil Free အမျိုးအစားကရင်မ်ပပ်ဖ်ကိုသာရွေးချယ်ရမှာပါ။ SPF,PA ပါတဲ့ ကရင်မ်ပပ်ဖ် ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ကရင်မ်ပပ်ဖ်ကိုလဲခပ်ပါးပါးလေးသာလိမ်းပေးရမှာပါ။

 (၆) Two Way မိတ်ကပ်လိမ်းသူများအတွက်ကတော့ ကရင်မ်ပပ်ဖ်အစားပေါင်ဒါ မှုန့်မျိုးကိုသာရွေးချယ်ပေးပါ။(၇) မျက်နှာအဆီပြန်တတ်သူများအနေဖြင့် နွေရာသီမှာ glass နှုတ်ခမ်းဆိုးဆေးတွေကိုရှောင်၍ ပုံမှန်ဆိုးဆေးကိုသုံးနိုင်လျှင် ကောင်းပါတယ်။ (၈) အဆီပြန်တတ်တဲ့အသားအရေတွေက နွေရာသီမှာ ဖုန်တွေ၊ ချေး(ဂျီး) တွေပိုတတ်နိုင်တာကြောင့် ချေးညှော်တွေစင်အောင် မျက်နှာကိုအထူးဂရုစိုက်၍ ဆေးကြောသင့်ပါတယ်။ Foaming Cleanser နှစ်မျိူးပါတဲ့မျက်နှာသစ်ဆပ်ပြာကိုရွေးချယ်ပေးပါ။ (၉) လှတစ်မျက်နှာအတွက်သာမက ခန္ဓာကိုယ်ကိုလဲ SPF များများပါတဲ့နေရောင်ခံ ခရင်မ်လိုးရှင်းတွေလိမ်းပေး ရမှာပါ။ တစ်ခုသတိထားရမှာက နေရောင်ခံလိမ်းဆေးတွေဟာ ၁၅ မိနစ်၊ နာရီဝက်လောက်သာ ခံနိုင်ရည်ရှိ တာကြောင့် နေပူပူထဲအချိန်ကြာမြင့် စွာထွက်ရသူများအဖို့ မကြာခဏဆိုသလို လိမ်းပေးဖို့လိုအပ်နေပါတယ်။ (၁၀) မျက်နှာအလှပြင်ပစ္စည်းတွေကို ဓာတုပစ္စည်းတွေဖြင့်ပြုလုပ်ထားတာကြောင့် ညအိပ်ရာဝင်ခါနီးမှာ သနပ်ခါးအတုံးစစ်စစ်ကို သွေး၍လိမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

(သို့မဟုတ်) သခွားသီးကိုပါးပါးလှီး၍ တစ်မျက်နှာလုံးကပ်ထားပေးပါ။ Night ကရင်မ်ကိုသာကြိုက်သူများအနေဖြင့် မိမိနှစ်သက်ရာအမျိုးအစားကို ရွေးချယ်၍ အသားအရေကိုပြန် လည်ဖြည့်တင်းထားနိုင်ပါတယ်။ (၁၁) ရေများများသောက်ပြီးအရည်ရွမ်းတဲ့အသီးတွေ များများစားပေးပါ (သို့မဟုတ်) သဘာဝ သစ်သီးဖျော်ရည်များများသောက်ပါ။ (၁၂) မဖြစ်မနေအပြင်ထွက်ရတဲ့အခါမှာလဲ မျက်နှာကိုနေရောင် တိုက်ရိုက်မထိတွေ့အောင် ဦးထုပ်(သို့မဟုတ်) ထီးဖြင့်ကာကွယ်ပါ။ အနက်ရောင်(သို့မဟုတ်) အရောင်ရင့်ရင့်ထီးမျိုးကိုရွေးချယ်ပါ။ ထီးရဲ့အတွင်းသားမှာ အဖြူရောင်ပြောင် (ဗြောင်) သားပါတဲ့ UV ကာကွယ်နိုင်သောထီးမျိုးဖြစ်ပါစေ။ ဒီတစ်နှစ်နွေရာသီမှာ အထက်ပါနည်းလမ်းကောင်းများကိုသုံး၍ ပျိုမေတို့လှသထက်ပို၍ လှနိုင်ကြပါစေရှင်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ