ဧပြီ ၂၂
မှတ်ဉာဏ်ကောင်းစေတဲ့ဆေးဝါးဆိုပြီး ရောင်းလာတဲ့အပေါ် အကောင်းဆုံးအဖြေပေးရရင် “မဖြစ်နိုင်ဘူး"ဆိုရပါ မယ်။ မှတ်ဉာဏ်ကောင်းစေတဲ့ အမူအကျင့်တွေတော့ရှိပါတယ်။ မြန်မာဓလေ့ထုံးစံနဲ့လည်း မမျှော်လင့်ဘဲ၊ ကိုက်ညီနေတာ တွေ့ရတယ်။ မှတ်ဉာဏ်ဟာ မွေးရာပါအရည်အချင်းဖြစ်ကာ၊ ဆေးဝါးလုပ်ပြီး ရောင်းချတဲ့အပေါ် ဆရာဝန်များမှတ်ချက်မပေးပါဘူး။ စာသင်လို့ မရအောင်အမှတ်သညာနည်းသူ၊ မှတ်ဉာဏ်နည်းသူ၊ မွေးရာပါ လှုပ်ရှားလွန်ကလေး ၊ အော်တစ်ဇင် (Autism) ကလေးတွေရဲ့ ဦးနှောက်ကလွဲရင် လူတစ်ယောက်နဲ့တစ်ယောက် သိပ်မကွာကြပါဘူး။ မွေးရာပါ အရည်အချင်းလို့ ဆိုရပါမယ်။
(၁) နံနက်စာကောင်းကောင်းစားရပါမယ်။ နံနက်စာမစားဘဲထားရင် ခန္ဓာကိုယ်တွင်း သကြားဓာတ် (Glucose) လျော့နည်းကာ၊ ဦးနှောက်ကို အာဟာရမပို့နိုင်လို့ ဉာဏ်ထိုင်းစေတယ်။ နံနက်စာ ကောင်းစွာမစားတဲ့ ကျောင်းသားဟာ ‘ဝမ်းဟာ'နေတာကြောင့် ဆရာသင်ကြားပို့ချမှုကို အပြည့်အဝမခံယူ၊ မသင်ကြား၊ မမှတ်နိုင်တော့ဘူး။ အနောက်တိုင်းသားတွေ နံနက်စာ (Breakfast)ကောင်းစွာစားပြီး တစ်နေကုန် အလုပ်လုပ်နိုင်ကြတယ်။ မြန်မာလူမျိုးကတော့ နံနက်စာဖြစ်သလိုစားသောက်ပြီး၊ ညစာကို တဝတပြဲ စားတတ်တယ်။ အမှန်က ညဘက်အိပ်စက်နိုင်စေဖို့ သင့်တင့်ရုံသာ စားပြီး၊ အချိန်မှန်စား၊ အချိန်မှန်လုပ်၊ အချိန်မှန်အိပ်ပေးဖို့ လိုအပ်ပါတယ် ။
(၂) ဆေးလိပ်ဖြတ်ရမယ်။ နီကိုတင်းပါတဲ့ ဆေးလိပ်ငွေ့က သွေးထဲရောက်သွားတယ်။ သွေးမှတစ်ဆင့် ဦးနှောက်ကိုရောက်ရှိနိုင်တယ်။ ဆေးလိပ်ငွေ့က သွေးကြောငယ် ကျုံ့စေကာ၊ ဦးနှောက်တွင်း အောက်စီဂျင် အရောက်နည်းစေတယ်။ ဆေးလိပ်သောက်သူတွေ သတိမေ့တတ်ခြင်း(Alzheimer's disease) ဖြစ်ပွား လွယ်ပါတယ်။ ။
(၃) သကြားဓာတ်လျှော့ပြီးသုံးစွဲရမယ်။ သက်ကြီးပိုင်းမှာ သကြားဓာတ်ကို စွမ်းအင်အနေနဲ့ ပြောင်းလဲပေးနိုင်မှု အားနည်းတယ်။ သွေးထဲမှာသကြားဓာတ်စုပုံလာလို့ ပရိုတိန်း(Protein)အသားဓာတ်စုပ်ယူမှု အားနည်းလာတယ်။ (၂၁)ရာစု ဆေးပညာတွေ့ရှိမှုအရ သကြားဓာတ်များရင် ကင်ဆာဆဲလ် (Cancer cell)ပိုမို တိုးလာတယ်။
(၄) လေသန့်ရှင်းဖို့လိုတယ်။ သန့်ရှင်းလတ်ဆက်တဲ့ လေကိုရှူရှိုက်နိုင်ရမယ်။ လေသန့်မရှူရရင် ဦးနှောက်စီ အောက်စီဂျင်ဓာတ် ၊ အရောက်နည်းသွားလို့ မှတ်ဉာဏ်နည်းကာ ဉာဏ်ထိုင်းသလိုဖြစ်စေတယ်။
(၅) အအိပ်မများသင့်ပါဘူး။ အိပ်ရင်အားရှိတယ် ထင်မှတ်ကာ အလွန်အကျွံ အိပ်ပါက၊ ဦးနှောက် သေကြေပျက်စီးစေလို့၊ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတတ်လို့ အလွန်အကျွံ မအိပ်မိစေဖို့ လိုအပ်ပါတယ်။
(၆) အိပ်ချိန်နည်းပါးလွန်းတာလည်း မဖြစ်သင့်ပါဘူး။ လူတစ်ယောက်အိပ်ချိန် (၆-၈)နာရီ ရှိသင့် ပါတယ် ။ အိပ်ရေးပျက်ရင် ဦးနှောက်အတွင်း သွေးစီးဆင်းမှုနှေးစေလို့၊ အောက်စီဂျင်အရောက်နည်းကာ မှတ်နိုင်စွမ်းရည်ကျဆင်းပါတယ်။ အချို့စာမေးပွဲညမှာမအိပ်ဘဲ စာကျက်မှတ်တာတွေဟာ နောက်နေ့မှာ ဘာမှမမှတ်မိတော့ဘူး။ စာမေးပွဲရက်တွေမှာလဲအနည်းဆုံးအိပ်ချိန် (၆)နာရီပြည့်ပြည့်ဝဝ အိပ်စက်ပေးမှသာ ကျက်သလောက်စာမှတ်နိုင်မယ်။
(၇) အိပ်နေချိန်ခေါင်းကိုပါ စောင်ခြုံထားခြင်းမပြုသင့်ပါဘူး။ အချို့လူတွေ ခေါင်းကို စောင်ခြုံပြီး အိပ်တတ်တယ်။ တကယ်က စောင်ကိုကိုယ်မှာ လုံအောင်ခြုံပြီး အိပ်သင့်ပါတယ်။ ခြင်၊ ယင်၊ အင်းဆက်ပိုးမွှား များ ကိုက်ခြင်းမှ ကာကွယ်နိုင်မယ် ။ ရာသီဥတုချမ်းအေးမှုကို ကာကွယ်နိုင်ပါတယ်။ အချို့က ခြင်ထောင် မသုံးဘူး။ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ ‘ခြင်’က ပေါများတာကြောင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါတွေ ဖြစ်နိုင်လို့ခြင်ထောင်ထောင်ကာ နှစ်ခြိုက်စွာ အိပ်သင့်ပါတယ်။ လိုအပ်တဲ့ အောက်စီဂျင်ရရှိကာ ကာဗွန်ဒိုင်အောက်ဆိုဒ် မစုမိနိုင်ပါဘူး။
(၈) ဖျားနေရင် အနားယူသင့်တယ်။ ဖျားနေရင်ကိုယ်ရောစိတ်ပါ အနားယူရမယ်။ ကျောင်းသင်ခန်းစာတွေ ဆန္ဒစောကာ မလေ့ကျင့်သင့်ပါဘူး။ ဦးနှောက်ဟာ မနိုင်ဝန်ထမ်းရလို့စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ စိတ်ပညာရှင်တို့က အစာစားကာနေစဉ်၊စာဖတ်ခြင်း ကိုအားမပေးကြပါဘူး။ စာဖတ်ခြင်း၊ အလုပ်လုပ်ခြင်းစတဲ့ ဦးနှောက်စူးစိုက်ရတဲ့ လုပ်ငန်းတွေမှာအစားတစ်ဖက်နဲ့ အလုပ်လုပ်ခြင်း ရှောင်ရှားသင့်ပါတယ်။
(၉) စဉ်းစားတွေးခေါ်မှုများများ လုပ်ပေးသင့်ပါတယ်။ အချို့လူတွေက ဘာမှ နက်နက်နဲနဲ မစဉ်းစားခဲ့ကြဘူး။ ဦးနှောက်အရည်အသွေး တိုးတက်အောင် လေ့ကျင့်မပေးရင်၊ ဆုတ်ယုတ်ဖွယ်ရှိပါတယ်။ ဘာမဆို ဆင်ခြင်တုံတရားနဲ့ စဉ်းစားတွေးခေါ်တဲ့ အလေ့အထရှိသင့်ပါတယ်။
စာဖတ်ခြင်းက ဦးနှောက်ကို အာဟာရဖြည့်ပေးစေတာပဲဖြစ်တယ်။ သုတဖြစ်စေ၊ ရသဖြစ်စေ၊ သုတရသဖြစ်စေ၊ ရုပ်ရှင်တစ်ကား၊ ဗီဒီယိုဇာတ်လမ်းတစ်ပုဒ် ကြည့်တာပဲလုပ်လုပ် ဦးနှောက်ကို မှတ်မိစေ လို့ ကြည့်သင့်တယ်။ စာဖတ်ခြင်းနဲ့ ပတ်သက်လို့ မြန်မာလူထုမှာ လွဲမှားတဲ့ အယူအဆ တစ်ရပ်ရှိ တယ်။ စာဖတ်များလို့ ဂေါက်သွား ကြောင်သွားတာတဲ့။ အမှန်က အိပ်ရေးပျက်တာများလို့ စိတ်ရောဂါ ရကာ သတိလက်လွတ်ဖြစ်သွားတာဖြစ်တယ်။ အသက်ကြီးရင့်သူတွေ အမှတ်နည်းလာပြီး အယ်လ်ဇိုင်းမား ရောဂါရလာတတ်ပါတယ်။ စဉ်းစားတွေးခေါ်မှုပြုရာမှာ အချက်အလက်များများ လေ့လာထားဖို့ လိုအပ်ပါသည်။ ကိစ္စအလိုက် ဆက်စပ်တဲ့ အကြောင်းအရာအလိုက် ဝေဖန်သုံးသပ်သင့်ပါတယ်။ ဝေဖန်ရေးသားခြင်းက ပိုမိုဦးနှောက် ဖွံ့ဖြိုးတိုးတက်စေပါတယ်။
(၁ဝ) စကားများများပြောသင့်ပါတယ်။ စကားနည်းခြင်းဟာ ဉာဏ်ထိုင်းစေတဲ့ အကြောင်းရင်းတစ်ရပ်လို့ ဆိုတယ်။ တောင်စဉ်ရေမရစကား ၊ အတင်းအဖျင်းများနဲ့၊ ဟောင်ဖွာဟောင်ဖွာ ပြောခြင်းတွေ မဆိုလိုပါဘူး။
တစ်ဦးနဲ့တစ်ဦး ဝေဖန်စူးစမ်းမှု ၊ စကားများပြောဆိုခြင်း ၊ ဗဟုသုတမျှဝေခြင်းနဲ့ အသိပညာဖလှယ်ခြင်းစတဲ့ ပညာရပ်စကားတွေ ပြောဆိုဖို့ လိုအပ်ပါတယ်။ စကားနည်းလွန်းရင် ဖော်ပြပါ အခွင့်အရေးတွေ လက်လွတ် သွားတတ်ရာ၊ ဝေဖန်ဆန်းစစ်နိုင်တဲ့ အတွေးအခေါ်လည်း နည်းပါးသွားစေခဲ့ပါတယ်။
(၁၁) တရားရှုမှတ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တရားထိုင်ပေးခြင်းက မှတ်ဉာဏ်ရဲ့အရည်အသွေး ထက်မြက်စေပါတယ်။ “ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ မှတ်ဉာဏ်” ကို တရားဘာဝနာပွားများခြင်း၊ တရားထိုင်ခြင်းတို့က များစွာအထောက်အကူ ပေးကြောင်း ဆွေးနွေးမေးမြန်းခဲ့ဖူးပါတယ် ။တရားထိုင်ထိုင်ချင်း စိတ်ကလွင့်မျောနေကာ၊ ဝင်လေသိခြင်း၊ ထွက်လေသိခြင်း နှစ်ခုမှာသာ အာရုံပြုရင်၊ ခန္ဓာကိုယ်ရဲ့ “ဖြစ်ပျက်” မတည်မြဲခြင်းကို ဆင်ခြင်တတ်လာကာ၊ တရားထူးတရားမြတ်တွေလဲ အဆင့်ဆင့် တက်လှမ်းလာနိုင်ပါတယ်။ ဆရာပြဖို့တော့ လိုအပ်ပါတယ်။ ဆရာမပါပဲ တရားထိုင်ခြင်းက ဘာသာရေးထက် “ယောဂကျင့်စဉ်ဖြစ်တယ်။
အချမ်းသာဆုံး စည်းစိမ်မှာ ဉာဏ်ပညာဖြစ်တယ်။ ငွေကုန်ကြေးကျမကုန်ဘဲ ဖတ်ပေးရုံနဲ့ အသိဉာဏ် ကောင်းစေတဲ့ နည်းလမ်းတွေ ဖော်ပြလိုက်ခြင်းဖြစ်တယ်။ ဉာဏ်ကောင်းတယ်ဆိုတာဦးနှောက်အသိဉာဏ် (အိုင်ကျူ)ကောင်းရုံမက (အက်စကျူ)တို့ ပါဝင်နေလို့၊ အနည်းငယ်လွဲနေတာမျိုးကို တည့်မတ်ပေးကာ၊ ပညာကို သင်ယူတတ်မြောက်လွယ်၊ အီးကျု(EQ) ပေါင်းသင်းဆက်ဆံမှုနဲ့ စိတ်ဓာတ်(SQ)မြင့်မားမှု၊ စိတ်ထားကောင်းထား ပေးဖို့လည်း လိုအပ်လာပါတယ်။ ။
ဒေါက်တာလွင်သန့်