နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရဖွံ့ဖြိုးရေး မိသားစုများက ဝိုင်းဝန်းစောင့်ရှောက်ပေး

ရန်ကုန်၊ ဧပြီ ၂၂
မြန်မာနိုင်ငံရှိ ၅၅ သန်းကျော်ခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ်များ ဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ အနာဂတ်၏ သားကောင်းရတနာများသည် ကလေးသူငယ်များသာဖြစ်ကြသည်။ အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေးများ အမှန်ဖြစ်လာမည်။ ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များအောင်မြင်ရေး အတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျပေသည်။ မိခင်များ၏ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည် ဖြစ်သည်။ သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်း မရှိပေ။ ယခုအခါအကြောင်းအမျိုးမျိုးကြောင့် ဆေးရုံများ ပုံမှန်ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသော သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ တကောင်းတိုက်နယ်ဆေးရုံ၊ မတ္တရာပြည်သူ့ဆေးရုံ၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ကူမဲတိုက်နယ်ဆေးရုံ၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံ၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံ၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ဒုံစရစ်ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၊ လက်ပံတန်းမြို့နယ်ရှိ ဆေးရုံများတွင် ဝန်ထမ်းများနှင့်လူနာရှင်များ၏ အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသပေးရေးအဖွဲ့စေလွှတ်၍ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ဖေဖော်ဝါရီ ၅ ရက်မှ ဧပြီ ၂၁ ရက်အထိ ကလေးမီးဖွားလူနာ ၃၇၄၉ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၈၅၃ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ကလေးငယ် ၉၆၀၂ ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။ မွေးဖွားလာသော ကလေးငယ်များ မွေးစ၊ ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်လိုအပ်သည်။ မိခင်တိုင်း ကျန်းမာသန်စွမ်း၍ အန္တရာယ်ကင်းစွာ မီးဖွားပေးပြီး ကျန်းမာသောအနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မှသာ နိုင်ငံဖွံ့ဖြိုး လာမည်ဖြစ်သည်။ မိခင်နှင့် ကလေးများပတ်သက်သော ကျန်းမာရေးပြဿနာများကိုကာကွယ်၍ရနိုင်ပြီး အထူးသဖြင့် ကျန်းမာရေးအသိအားနည်းခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရခြင်းဖြစ်ရာ အဓိကလိုအပ်ချက်မှာ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်လာကြသည်။ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရ ပြည့်ဝကာ မျှတစွာစားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများကပါ အထူးဂရုပြုဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ