နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်းနှစ်ထပ်တပ်ဆင်ခြင်းက COVID-19 ကူးစက်နိုင်ခြေ လွန်စွာနည်း

ရန်ကုန် ဧပြီ ၂၁

နှာခေါင်းစည်းတပ်ဆင်ခြင်းသည် နှာခေါင်းစည်းလုံးဝမတပ်ဆင်ခြင်းထက် COVID-19 ကူးစက်မှုမှ ကာကွယ်ပေးနိုင်ကြောင်းကို ကမ္ဘာ့လူသားအားလုံးသိရှိနားလည်ပြီးဖြစ်သည်။ ထို့ပြင် နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပါက ရောဂါကာကွယ်ရေးအတွက် ပိုမိုထိရောက်ကြောင်းကိုလည်း လူသားများသဘောပေါက်နားလည်ထားပြီးဖြစ်ပါသည်။

ယခုအခါခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အပေါ်တွင် အဝတ်နှာခေါင်းစည်းကို တပ်ဆင်ထားပါက COVID-19 ကူးစက်မှုကာကွယ်နိုင်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်မှုနှင့်ကာကွယ်ရေးဗဟိုဌာန(CDC) က ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ သိရသည်။ စမ်းသပ်ခန်းတွင်းလေ့လာမှုများအရ ယင်းကဲ့သို့နှာခေါင်းစည်းနှစ်ထပ် တပ်ဆင်ထားခြင်းကြောင့် COVID-19 ကူးစက်မှုမှရာခိုင်နှုန်း ၉၀ အထိကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု CDC ပညာရှင်များက ပြောဆိုခဲ့သည်။ နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသည့် အမှုန်များနှင့် ပါလာသည့် ကိုရိုနာဗိုင်းရပ်စ်မှ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းသည် ၄၁ ဒသမ ၀ ရာခိုင်နှုန်း ကာကွယ်ပေးပြီး၊ အဝတ်နှာခေါင်းစည်းသည် ၄၄ ဒသမ ၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနှင့် ယင်းနှာခေါင်းစည်းနှစ်ခုကို ထပ်ပြီးတပ်ပါက ၉၂ ဒသမ ၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း လေ့လာမှုအရတွေ့ရသည်။ အသက်ရှုထုတ် (သို့မဟုတ်) ချောင်းဆိုးသူသည် နှာခေါင်းစည်းနှစ်ထပ်တပ်ထားပါက ၎င်းမှတစ်ဆင့် အခြားသူ(ဒုတိယလူ) သို့ကူးစက်နိုင်ခြေသည် ၈၂ ဒသမ ၂ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး၊ ယင်းပုဂ္ဂိုလ်(ဒုတိယလူ) သည် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတစ်ခုတပ်ဆင်ထားပါက ၎င်းမှတစ်ဆင့် အခြားသူ(တတိယလူ) သို့ကူးစက်နိုင်ခြေသည် ၆၂ ဒသမ ၉ ရာခိုင်နှုန်း အထိကျဆင်းသွားကြောင်း CDC ၏ လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ အသက်ရှုထုတ်သူနှင့် ၎င်း၏အနီး၌ရှိနေသူနှစ်ဦးစလုံးသည် နှာခေါင်းစည်းနှစ်ထပ်တပ်ဆင်ထားပါက ကူးစက်နိုင်ခြေကို ၉၅ ဒသမ ၉ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ကြောင်း လေ့လာမှုအရသိရသည်။

အိမ်နီးချင်းထိုင်းနိုင်ငံတွင် သင်္ကြန်ပြီးကာလ၌ ကူးစက်ပျံ့ပွားနေသည့်ဗြိတိသျှမျိုးစိတ်အသစ် COVID-19 ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက် မြန်ဆန်ပျံ့နှံ့လွယ်အဆင့်သို့  ရောက်ရှိလာပြီဖြစ်ကြောင်းကို ထိုင်းနိုင်ငံ ချုလာလောင်ကောင်ဆေးရုံမှ လွန်ခဲ့သော ၂၄ နာရီကျော်က သတင်းထုတ်ပြန်ခဲ့သည်။ ထိုမျိုးစိတ်သစ်ကူးစက်မှုသည် ယခင်ကထက် ၃၀-၅၀ ရာခိုင်နှုန်းအထိ ပိုမိုပြင်းထန်အားကောင်းသဖြင့် စိုးရိမ်ရသည်။ ထို့အတူအိန္ဒိယနိုင်ငံတွင်လည်း ဧပြီလ ၁၉ ရက်၌ COVID-19 ကပ်ရောဂါကူးစက်မှု နှစ်သိန်းခုနှစ်သောင်းကျော် အထိ စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဧပြီလ ၁၉ ရက်နေ့၊ ည ၈ နာရီအထိ လူနာသစ် ၁၄ ဦးတွေ့ရှိကာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၁၄၂,၆၄၄) ဦးရှိပြီဖြစ်သည်။

မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရန်အတွက် နှာခေါင်းစည်း Mask ကိုတပ်ဆင်နေကြသော်လည်း လူနည်းစုလောက်သာ Mask ကိုစနစ်တကျသုံးစွဲတတ်ပြီး လူအများစုကဘေးအန္တရာယ်ကင်းဝေးအောင် သုံးစွဲတတ်မှုဆိုင်ရာကျန်းမာရေး သုတလွန်စွာအားနည်းနေကြသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် တတိယလှိုင်းမဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် နှာခေါင်းစည်း Mask သုံးစွဲနိုင်ကြပါစေကြောင်းနှင့် မဖြစ်မနေအပြင်ထွက်ရပါကလည်း နှာခေါင်းစည်းနှစ်ထပ် တပ်ဆင်ကြစေလိုပါကြောင်း အကြံပြုလိုက်ရပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ