နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီရိလင်္ကာနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားအချို့ကို MAI လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်မှ အခမဲ့ ပြန်လည်ခေါ်ဆောင်

ရန်ကုန်     မေ    ၁၇

ကမ္ဘောဇဘဏ်နှင့် Myanmar Airways International တို့ပူးပေါင်း၍ သီရိလင်္ကာနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို မေ ၁၆ ရက်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ Colombo Bandaranaike International Airport မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အခမဲ့ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

လေကြောင်းလိုင်းများ ရပ်နားထားသောကြောင့် သီရိလင်္ကာနိုင်ငံတွင်ပိတ်မိနေသော စာသင်သား ရဟန်းသံဃာတော်များနှင့်  မြန်မာနိုင်ငံသား စုစုပေါင်း ၁၆၆ ဦးသည် MAI လေကြောင်းလိုင်းဖြင့် သီရိလင်္ကာနိင်ငံ ကိုလံဘိုမြို့မှ ပြန်လည်လိုက်ပါလာကြသည်။

“ကိုယ့်မြန်မာနိုင်ငံ ပြန်ရောက်လာရလို့ အပူမီးတွေလျော့သွားပါပြီ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်နိုင်ငံထက် ကိုယ့်ကိုလုံခြုံအောင်ထားနိုင်တဲ့နိုင်ငံမရှိပါဘူး။ စီစဉ်ပေးတဲ့ မြန်မာသံရုံးက တာဝန်ရှိသူများနဲ့ MAI လေကြောင်းလိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။”ဟု ကိုလံဘိုမြို့မှ ပြန်လည်လိုက်ပါလာသော ခရီးသည်တစ်ဦးက ပြောသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် MAI လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ယခုသီရိလင်္ကာနိုင်ငံအပါအဝင် ကယ်ဆယ်ရေးလေယာဉ် ၅ စီးဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းခန့်အကုန်အကျခံကာ မြန်မာနိုင်ငံသား ၇၀ဝ ကို ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း MAI လေကြောင်းလိုင်းသည် ကမ္ဘောဇဘဏ်နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းနှင့် ငွေကျပ် သိန်း ၆၀ဝ၀ အကုန်အကျခံကာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းတွင်လူကုန်ကူးခြင်းခံခဲ့ရပြီး အဓမ္မကျွန်ပြုခံခဲ့ရသော မြန်မာလုပ်သားဒုက္ခသည်များ၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာလုပ်သားဒုက္ခသည်များနှင့် အိန္ဒိယနိုင်ငံ (Port Blair)တွင် အခြေအနေအရပ်ရပ်ကြောင့်ရောက်ရှိနေကြသော မြန်မာရေလုပ်သားဒုက္ခသည်များအပါအဝင် စုစုပေါင်းလူဦးရေ ၆၀ဝ၀ ကျော်ကို အခမဲ့ ခေါ်ယူပေးခဲ့သည့်အပြင် သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်နိုင်ရေးအတွက်တစ်ဦးလျှင်  လမ်းစရိတ် ကျပ်တစ်သိန်းကိုလည်း ထောက်ပံ့ကူညီပေးခဲ့သည်။

၂၀၁၅ ရေကြီးရေလျှံမှုဖြစ်စဉ်တွင်လည်း MAI လေကြောင်းလိုင်းသည် Airbus 320 ဖြင့် ပြည်တွင်း ပြည်ပခရီးစဉ် (၂၄)ကြိမ်နှင့် Air KBZ လေကြောင်းလိုင်းမှလည်း ပြည်တွင်းခရီးစဉ်အခေါက်ရေ ၄၉  ကြိမ်ဖြင့် အလှူပစ္စည်းများကို အခမဲ့ပျံသန်းပို့ဆောင်ပေးခဲ့သည်။

Myanmar Airways International(MAI)၊ Air KBZ၊ ကမ္ဘောဇဘဏ်၊ KBZ MS General Insurance နှင့် KBZ Life တို့သည်  COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် ယနေ့အထိ ငွေကျပ်သိန်းပေါင်း  ၃၅,၂၂၄ သိန်း ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။                         

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ