လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများကို ၂၄ နာရီ ဓာတ်အားပြတ်တောက်မှုမရှိဘဲ ဖြန့်ဖြူးပေးရန် လိုအပ်ရာ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ကြံ့ခိုင်ကောင်းမွန်စေရေး ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မိုးဦးလေဦးကျရောက်လာပြီဖြစ်၍ အများ ပြည်သူတို့အား ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးထားသော ဓာတ်အားလိုင်းများသည် လေပြင်းတိုက်ခတ်ခြင်း၊ သစ်ပင် ပြိုလဲခြင်း၊ ဓာတ်တိုင်ယိုင်လဲခြင်း စသည့်သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားလိုင်းကြိုးပြတ်ကြခြင်းတွေ့ရှိပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး မိမိသဘောအလျောက် ကိုင်တွယ်ဖယ်ရှားခြင်းမပြုသင့်ပေ။ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် (အရေးပေါ်ဌာန)သို့ ဆက်သွယ်အကြောင်းကြားရန်လိုအပ်ပေသည်။ ဓာတ်လိုက်မှုအန္တရာယ်မဖြစ်စေရေး ဂရုပြု ဆောင်ရွက်ရန်နှင့် ပြည်သူများအပေါ် ဝန်ဆောင်မှုပေးရာတွင် ပြည်သူများကျေနပ်မှုရရှိပြီး မိမိဌာနအပေါ် ယုံကြည်မှု ရရှိ ရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူများကလည်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှု၊ စံချိန်မီလျှပ်စစ်ပစ္စည်းများ၊ အရည်အသွေးမီးအာမခံ လျှပ်စစ်ပစ္စည်းများသုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းများ တပ်ဆင်သုံးစွဲ ခြင်းလည်း ဂရုပြုသင့်ပေသည်။ ချို့ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများကို မသုံးစွဲရန် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှု၊ အန္တရာယ်ရှိသည့် ဓာတ်အား လိုင်း၊ ဓာတ်အားခွဲရုံများအနီး ရောက်ရှိမှုကြောင့် ဒဏ်ရာရရှိမှု၊ ဓာတ်လိုက်သေဆုံးမှုကင်းဝေးစေရေး မိဘပြည်သူများ သတိပြုရှောင်ရှားနိုင်စေရန် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပေးဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဆင်ခြင်လိုက်နာပူးပေါင်းကူညီရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။