နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ Covid ကာလအတွင်း သတ်မှတ်ချက်ကိုက်ညီသည့် အသင်းသားများကို ထောက်ပံ့မှုပြုလုပ်မည်

ရန်ကုန် မေ ၁၆

မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အသင်းသူ/ သားများကို အရေးပေါ်ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ပြီး ယင်းထောက်ပံ့ငွေကို သတ်မှတ်ချက်နှင့် ကိုက်ညီသော အသင်းသားများသာ လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမျက်မမြင်များအသင်း အနေဖြင့် COVID-19 ကပ်ရောဂါ၏ နှောင့်ယှက် ဟန့်တားမှုများ ကြောင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားဝတ်နေရေးအတွက် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေခံလူတန်းစား အသင်းသူ/သား အိမ်ထောင်စု ၅၀ အတွက် ပထမအဆင့် အနေဖြင့် အသင်းပိုင်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် ၃၀,ဝ၀ဝ နှုန်းဖြင့် ပံ့ပိုးပေးအပ်သွားမည်ဖြစ်သည်။

သတ်မှတ်ချက်အနေဖြင့် လျှောက်မည့်သူသည် မြန်မာနိုင်ငံမျက်မမြင်များအသင်း၏ အသင်းဝင်သူ တစ်ဦး ဖြစ်ရမည်။ လက်ရှိအချိန်တွင် အလုပ်ရပ်နားထားခြင်းခံရသူ (သို့) မှီခိုသူတစ်ဦးဖြစ်ရမည်။ မိသားစုတစ်ခုကို ကိုယ်တိုင်ဦးဆောင်နေသူတစ်ဦး (သို့) မိဘ၊ ဆွေမျိုးများထံမှ ပံပိုးကူညီမှုကို မရရှိသူဖြစ်ရမည်။ မမသအသင်းအား ကောင်းကျိုးပြုလျက်ရှိသူ (သို့) အသင်းကဦးစီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်တချို့တွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်ရမည်။ COVID-19 ဓာတ်ခွဲအတည်ပြု လူနာများပေါ်ပေါက်ခဲ့သော တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း နေထိုင်သူဖြစ်ရမည် စသည်ဖြင့် ယင်းအချက်များ မကိုက်ညီပါက ထောက်ပံ့ငွေပေးမည်မဟုတ်ကြောင်း သိရသည်။

အဆိုပြုလျှောက်ထားသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အသံအား တယ်လီဖုန်းဖြင့် အသံဖမ်းယူပြီး အထက်ဖော်ပြပါ Viber ဖုန်းနံပါတ် ဝ၉- ၇၈၈ ၄၈၆၂ ၄၇ မှတစ်ဆင့် ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။ အဆိုပြု လျှောက်ထားသူ အသံရှင်တစ်ဦးအနေဖြင့် ၅ မိနစ် ထက်မပိုသော MP 3 အသံဖိုင်တစ်ခုကိုသာ ပေးပို့ရမည်ဖြစ်ပြီး တစ်ခုထက်ပိုသော အသံဖိုင်များအား လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း၊အဆိုပြု အသံဖိုင်အတွင်း ပါဝင်ရမည့် အဓိကအကြောင်းအရာများမှာ အမည်အပြည့်အစုံ၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်၊အသင်းဝင်အမှတ် (မှတ်မိပါက ထည့်သွင်းဖော်ပြရန်)၊ လက်ရှိနေရပ်လိပ်စာအပြည့်အစုံ၊ လက်ရှိ အသုံးပြုလျှက်ရှိသော ဖုန်းနံပါတ်၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာ၊အိမ်ထောင်၊ မိသားစု ရှိ၊ မရှိ၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲကို အကျဉ်းချုပ်ဖော်ပြချက် စသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ မရှင်းလင်းသည်များ ရှိပါက အသင်း၏ ရုံးဖုန်း ဝ၉- ၂၆၂၂ ၄၇၀ ၇၈ (သို့မဟုတ်) ဝ၉ - ၃၆၄ ၁၀၆ ၇၂ သို့ နေ့စဉ် အင်္ဂါနေ့မှ စနေ့နေ့အထိ ရုံးချိန် အတွင်း ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။

    ဥမ္မာစိုး (City News)






အခြားဆက်စပ်သတင်းများ