ရန်ကုန် ၊ မေ ၁၆
အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအပါအဝင် အောင်စာရင်းများကို ဇွန်လမကုန်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
“ဗဟိုကော်မတီက ထုတ်ထားတယ်လေ။ အဲဒီထဲမှာပါတယ်လေ။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ။ အဲဒါဆို သေချာပြီလေ။ ဗဟိုကော်မတီက ထုတ်တာဆိုတော့” ဟု ဦးကိုလေးဝင်းက ပြောသည်။
ဇူလိုင်လအတွင်း စာသင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်သောကြောင့် ဆယ်တန်းအပါအဝင် အခြေခံပညာ အတန်းအသီးသီး၏ အောင်စာရင်းများကို ဇွန်လမကုန်ခင်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီမှ အခြေခံကျောင်းများအား ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် ရှိသဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်းကာ ဇွန် ၁၅ ရက် နောက်ဆုံးထား၍ ပညာရေးဝန်ကြီးထံ ပြန်လွှဲပြောင်းပေးရန် ညွှန်ကြားစာထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ကြောင့် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားသော အခြေခံကျောင်းများတွင် လက်ရှိ Quarantine ဝင်နေသူများမှလွဲ၍ ထပ်မံ Quarantine ဝင်ရန် ရောက်ရှိလာသူများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ဝန်ကြီးဌာနပိုင် အဆောက်အဦများနှင့် အဆင့်မြင့်ပညာဦးစီးဌာနပိုင် တက္ကသိုလ်များ၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များတွင် နေရာချထားရန် ညွှန်ကြားထားသည်။
ယခုကာလအတွင်း ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာ၍ လုပ်ဆောင်ကြရမည်ဖြစ်ပါတယ်။ ခိုင်မာသော သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ပေးရန်လိုအပ်ပြီး သတင်းတုနှင့် လူမှုကွန်ရက်တွင် ပျံ့နေသည့်အခြားသော သတင်းများအစား သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံပညာကျောင်းများတွင်သော်လည်းကောင်း၊ ပညာရေးမှူးရုံးများ တွင်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍သော်လည်းကောင်း မိဘပြည်သူများသည် သတင်းအကြောင်းအရာများကို သိရှိနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
မေဘယ်လ်အောင်