နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ကြန်ပိတောက် နှင့် ကျန်းမာရေး

အတာကူးသည့်တန်ခူးလတွင် ရွှေဝါရောင်ပန်းပိတောက်တွေနှင့်အတူ နှစ်သစ်ကူးရိုးရာရေသဘင်ပွဲကို ဆင်နွှဲလာခဲ့သည် မှာလွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်ကတည်းက ဖြစ်သည်။ သင်္ကြန်သမိုင်းကြောင်းကိုလေ့လာကြည့်ရာ၌ မြတ်ဗုဒ္ဓ၏ အနွယ် တော်များဖြစ်ကြသော သကျသာကီဝင်တို့သည် နွေရာသီရောက်လျှင် ဟိမဝန္တာ တောင်ခြေရှိလှပသော ဒေဝဒဟရေကန်ကြီးအနီး မှာမဏ္ဍပ်ကနားများဆောက်လုပ်၍ တစ်ဦးနှင့်တစ်ဦးရေကစား သဘင်ကိုပျော်ရွှင်စွာ ပြုလုပ်ကြသည်။ ထို့ကြောင့် “သင်္ကြန်ရေ သဘင်အစ မြတ်ဗုဒ္ဓအနွယ်က” ဟုဆိုရခြင်းဖြစ်ပေသည်။
ဗုဒ္ဓဘာသာထွန်းကားသော မြန်မာပြည်မှာတန်ခူးလသည် မြန်မာတို့၏ နှစ်ဦးအစလထူးလမြတ်ဖြစ်ကာဂုဏ်ယူဖွယ် ရာ“ဒြပ်မဲ့ယဉ်ကျေးမှု”တစ်ခုလည်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် နွေရာသီ၏ အပူဒဏ်ကိုသင်္ကြန်ရေဖြင့် အေးမြစေသည် (ဝါ) နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ရေဖြင့်ဆေးကြောကာ သစ်လွင်တောက်ပ သန့်စင်လာစေသည်ဟု မြန်မာပြည်သူ၊ ပြည်သားအားလုံးကမိရိုးဖလာအရ လက်ခံထားကြပါသည်။ ထို့ကြောင့် သင်္ကြန်ရေထိလျှင် တစ်နှစ်ပတ်လုံးကျန်းမာစေသည် ဟူသောယုံကြည်ချက်ဖြင့် အရွယ် (၃) ပါးမရွေးသင်္ကြန် ရေစိုခံကြ ပါသည်။
ပိတောက်အကြောင်းသိဖို့ကောင်း
တန်ခူးလသင်္ကြန်ပွဲတော်နှင့်အတူ ချစ်စရာကောင်းသော ပိတောက်ပန်းနှင့်အတူကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ စွယ်တော်ပန်း၊ ငုပန်းတို့ အလှချင်းဆိုင်လျက် အပြိုင်ပွင့်ကြသည်။ ရှေးပညာရှိအကျော်အမော်တို့က မြန်မာတို့ ၏ (၁၂) လရာသီပန်းများတွင် ကံ့ကော်ပန်းကိုတန်ခူးလရာသီပန်းအဖြစ် သတ်မှတ်ထားသည် ဆိုသော်လည်း သင်္ကြန်နှင့် ပိတောက်၊ ပိတောက်နှင့် သင်္ကြန်က ခွဲမရပေ။ သင်္ကြန်မိုးပြေးရွာသည်နှင့်ပိတောက်တွေ ပင်လုံးကျွတ် ဖူးပွင့်လာကြသည်။ တစ်နှစ်တွင် တစ်လ၊ ယင်းတစ်လတွင် လည်းမိုးစက်မိုးပြောက်ကျသည့်အချိန်မှသာ ပိတောက်ပွင့် သည့်အတွက် မိုးကိုမျှော်သည်၊ ပိတောက်ကိုမျှော်သည်၊ ထို့တူသင်္ကြန်ကို မျှော်ကြရပါသည်။
Gumkino Plant ဟုခေါ်သော ပိတောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့်  မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင်တွေ့ရှိရသည်။မြန်မာဆယ့်နှစ်လရာသီများတွင် တန်ခူးလဟူသော မြန်မာနှစ်သစ်ကူးလတွင် ပိတောက်ပန်းများ ဝေဝေဆာဆာဖူးပွင့်ကြသည်။ နှစ်စဉ် ဧပြီလ (သို့မဟုတ်) မဟာသင်္ကြန် အခါတော်လတွင် ဖူးပွင့်ကြသည့်အတွက် ပိတောက်သည် မြန်မာလူမျိုးတို့၏ နှစ်သစ်ကူးအထိမ်းအမှတ်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ National Symbol အမျိုးသားရေးအမှတ်လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ခံထားရသောပန်းလည်းဖြစ်သည်။ မြန်မာလူမျိုးတို့သည် ပိတောက်ပန်းကို ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်းတို့တွင် အသုံးပြုကြသည်။ ပိတောက်ပန်းနှင့် ပက်သက်သော ပန်းချီ၊ကဗျာ၊ သီချင်း၊ ဆောင်းပါး၊ ဝတ္ထုဇာတ်လမ်း၊ ရုပ်ရှင်စသည်ဖြင့် အများအပြားရှိကြသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်းဧပြီလ၌ “Songkran”သင်္ကြန်ရေကစားကြသလို၊ ပိတောက်ပန်းများဖြင့် အလှဆင်ကြသည်။ ဗီယက်နမ်လူမျိုးများကလည်း ပိတောက်ပန်းကိုအထူး နှစ်သက်ကြပြီး၊ ယင်းတို့ဘာသာစကားအရ ပိတောက်ကိုgiáng (သို့မဟုတ်) dáng-hương ဟု ခေါ်ကြသည်။မည်သို့ပင်ဆိုစေကာမူ ပိတောက်ပွင့်သော အရှေ့တောင်အာရှနိုင်ငံများအနက် ပိတောက်ပန်းသည် မြန်မာတို့အတွက် National Flowerဟု တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဆိုကြခြင်းမှာစိုးစဉ်းမျှ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။
ဘက်စုံသုံးနိုင်သောပိတောက်ပင်
ပိတောက်ပင်သည် ယေဘုယျအားဖြင့် အလယ်အလတ်အမျိုးအစား အပင်မျိုးဖြစ်သည်။ ၁၀ - ၃၀ မီတာထိ ရှည်လျား တတ်ပြီး၊ အချင်း ၁ ဒသမ ၇ မီတာခန့်ရှိသည်။ ခြောက်သွေ့ရာသီတွင် ပေါက်ရောက်သော အမျိုးအစားဖြစ်သည်။ အပင်အပြင်ခွံသည် အညိုရောင်ဖြစ်ပြီး ပွရောင်းသည်။ အတွင်းသားသည် အရောင်အမျိုးမျိုးရှိကာ ရွှေဝါရောင်ဖျော့ဖျော့ မှ နီညိုရောင် အထိရှိတတ်သည်။ များသောအားဖြင့် ရွှေဝါညိုရောင်ကိုတွေ့ရသည်။  ပိတောက်သားသည် သစ်မာ အမျိုးအစားဖြစ်၍ ခိုင်ခံ့ခြင်း၊ ခြမစားခြင်းတို့ကြောင့် ပရိဘောဂပစ္စည်းလုပ်ရာတွင် အလွန်အရေးပါလှသည်။ အိမ်တိုင်များ၊ အိမ်ပျဉ်၊ ဗီရို၊ လမ်းမီးတိုင်များ၊ လှည်းဘီးနှင့် လှည်းလက်ရန်းတိုင်များ၊ အခြားပရိဘောဂအမျိုးမျိုးနှင့်    တူရိယာပစ္စည်းတို့တွင်အသုံးပြုကြသည်။ ထို့ကြောင့် ပိတောက်သားသည် အလွန်တန်ဖိုးကြီးလှသည်။ ပိတောက်ပွင့်များ သည် ၂၀-၂၅ စင်တီမီတာ ရှည်လျား၍ အဝါရောင်ရှိသည်။ အရွက်ရှိ ဆစ်တံများသည် ၅-၉ စင်တီမီတာ ရှည်လျား ကြသည်။ ပိတောက်သီးသည် အစေ့ဆံ ၂ခု (သို့မဟုတ်) ၃ခုခန့်ပါရှိတတ်ပြီး အတောင့် သဏ္ဍန်ရှိသည်။ ယင်းကို ၄ ဒသမ ၅ - ၇ စင်တီမီတာခန့်ရှိ အတောင်ပံကဲ့သို့သော အမွှေးပါးလေးများဖြင့် ဝန်းရံထားသည်။ ယင်း အသီး၊ အစေ့များသည် လေတိုက်ရာအရပ်သို့ လွင့်မြောကြရာမှတစ်ဆင့် ပိတောက်ပင်အသစ်တို့ပွားများပေါက်ကြသည်။
ပိတောက်ပင်နှင့် ကျန်းမာရေး
“ပိတောက်ပန်း” ဟု   မြင်လိုက်ရသည်နှင့်   သင်္ဂါရ   ရသကိုခံစားရသည့်အတွက်   တဒင်္ဂအတွင်းမှာပင် စိတ်ကြည်လင်မှုကို  ဖြစ်ပေါ်စေပါသည်။  လတ်ဆတ်သောပိတောက်ပွင့်၏  မွှေးမြမြရနံ့က အာရုံခံအင်္ဂါအဖွဲ့အစည်းကိုသဘာဝအလျောက် နှိုးဆွပေးသဖြင့် လန်းဆန်းမှုကို ဖြစ်ပေါ်စေသည်။ ပိတောက်ပန်း နွမ်းသွားချိန် စိမ်းရွှေရွှေနံ့က အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အ ထောက်အပံ့ ဖြစ်စေသည်။ ဦးရေပြား ဗောက်ထခြင်း၊ ကိုယ်ရေပြားယားယံခြင်းတို့အတွက် ပိတောက်ရွက် ပြုတ်ရည်ဖြင့် ခေါင်းလျှော်၊ ရေချိုးပေးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းစေသည်။ အပင်ကထွက်သော အစေးကို ပါးစပ်အတွင်းဖြစ်သော ရောဂါများ ပျောက်ကင်း စေရန်အတွက် ရှေးလူကြီးများက အသုံးပြုကြသည်။ အမြစ်သည် တိုင်းရင်းဆေးဖက်ဝင်သည်။ပိတောက်ပန်းက သလိပ်အားကြီးသောအနာ၊ ၀မ်းသွားသောအနာ၊ လေတိုက်၍ နှလုံးဆို့တောင့်သောအနာ၊ ခပ်သိမ်းသောအဖျားနာတို့ကို နိုင်၏ ဟု မြန်မာ့ဆေကျမ်းတွင် ဆိုထားသည်။
အချုပ်အားဖြင့်ဆိုသော် ပိတောက်ပန်းသည် နှစ်သစ်၏ဂုဏ်ကို ဆောင်သည်။ မြန်မာနိုင်ငံ၏ ကျက်သရေကို ဆောင်သည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ “ပြယုဂ်” တစ်ခု ဖြစ်ပါသည်။သို့သော် ယခုအခါ မြို့နယ်အများစုတွင် ပိတောက်ပင် မရှိသလောက် ဖြစ်နေသည့်အတွက်၊ လက်တစ်ကမ်းတွင် မရနိုင်၊ မမြင်နိုင် ဖြစ်ရပါသည်။ ဘိုးဘွား တို့ ခေတ်ကအိမ်ရှေ့ (သို့မဟုတ်) အိမ်ပတ်လည်တွင် ပိတောက်ပင်စိုက်ပျိုးထားကြသော်လည်း၊ ခေတ်ကာလ ရွေ့လျားလာသည့်အလျောက် လျှပ်စစ်ဓာတ်တိုင် မီးကြိုးများမလွတ်ခြင်း၊ လမ်းချဲ့ခြင်းစသည်တို့ကြောင့် လည်းကောင်း၊ အခြားအကြောင်းအမျိုးမျိုးတို့ကြောင့်လည်းကောင်း ပိတောက်ပင်များ ရှားပါးနေပြီဖြစ်ပါသည်။
ဧပြီလဆန်းက၊ တိတိကျကျဆိုရသော် ဧပြီ ၃ ရက်က ရန်ကုန်မြို့တွင် ပိတောက်တွေပွင့်သဖြင့် ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် လူအများပိတောက်ပန်းဓာတ်ပုံတွေ တင်ကြ၊ ကြည်နူးကြသော်လည်းစာရေးသူမှာတော့ မိမိလက်တစ်ကမ်းတွင် ပိတောက်ပန်းမရနိုင်သဖြင့် အွန်လိုင်းပေါ်က ပိတောက်များကိုသာ ငေးမြော်နေရပါသည်။ ဗုဒ္ဓဘာသာဝင်ပီပီ ဦးဦးဖျားဖျားပိတောက်ပန်းလေးဖြင့် မိမိအိမ်ကဘုရားစင်ဝယ် ကပ်လှူလိုစိတ်များလည်း မချင့်မရဲဖြစ်မိပါသည်။  မိမိနည်းတူပိတောက်ပန်းများကို နောင်လာလတ္တံ့သော မျိုးဆက်သစ်လူငယ်များကိုလည်း တွေ့မြင်ရစေချင်မိပါသည်။ ထို့ကြောင့် ပိတောက်ပင် မျိုးမသုဉ်းစေရေးအတွက် National Symbol/ National Flower ဖြစ်သောပိတောက်ပင်များကို ရေရှည်တည်တံ့နိုင်စေရန်အလို့ငှာ ကျယ်၀န်းသော ပန်းခြံ၊ မြို့ရွာလမ်းဘေး တလျှောက်၊ ဘုန်းကြီးကျောင်း၊ ဘုရားစေတီတစ်ဝိုက်၊ စာသင်ကျောင်း စသည့်နေရာများတွင် အရိပ်ရပိတောက်ပင် များကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိူးကြစေလိုပါကြောင်းပိတောက်ချစ်သူ၊ သင်္ကြန်ချစ်သူတစ်ဦးအနေဖြင့် ရေးသား နှိုးဆော်လိုက်ရပါသည်။
တင်ထက်ထက်ဇော်






အခြားဆက်စပ်သတင်းများ