အင်းတကော် ဧပြီ ၁၁
ပဲခူးမြို့နယ် အင်းတကော်မြို့၌ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် ည ၉ နာရီခွဲက ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲခူးမြို့နယ်၊ အင်းတကော်မြို့ ဝမ်းဘော်ဒတ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပဲခူးမှ ရန်ကုန်သို့ အောင်ကျော်သိန်းမောင်းနှင်လာသည့် ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်သိန်းကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူ ထားရှိသည်။
ကွင်းဆက်သတင်း စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ကာလီမြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့်ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆွေဦး