နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
***သွားနှင့်ခံတွင်းကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ် (၁၂) မျိုး ***

ဧပြီ  ၈
သက်ရှိသတ္တဝါတို့ ပဋိသန္ဓေတည်သည်မှ သေဆုံးချိန်အထိ ခန္ဓာကိုယ်အစိတ်အပိုင်း အင်္ဂါတစ်ခုချင်းစီက ၂၄ နာရီပတ်လုံး အလုပ်လုပ်ခြင်းဖြစ်စဉ်ကို သဘာဝတရားကြီးက ဖန်တီးပေးထားသည်။ သို့သော် အမိ၀မ်းမှထွက်၍ မွေးကင်းစကလေးမှာ သွားများပါမလာတတ်ကြပေ။ ငယ်သွား (သို့မဟုတ်) နို့သွား ဟု ခေါ်သည့် ကလေးသွားများ အစုံအလင်ထွက်လာချိန်သည် ပျမ်းမျှအသက် နှစ်ဆယ့်ငါးလသား (၂ နှစ် ၁ လသား) အရွယ်မှာ အစောဆုံးဖြစ်ပြီး၊ တချို့က အသက် သုံးနှစ်ခန့်မှသာ သွားတွေစုံပါသည်။ အသက် ခြောက်နှစ်ကျော်အရွယ်မှစပြီး သဘာ၀အလျောက်ငယ်သွားများ သူ့အလိုလိုကျွတ်ထွက်လေ့ရှိပြီး၊ လူကြီး သွားများဖြင့် အစားထိုးလေ့ရှိသည်။ ငယ်သွားအားလုံးသည် အသက် ၁၂ နှစ်အရွယ်မှာ မရှိတော့ပေ။ လူကြီး သွား ၂၈ ချောင်းသည် အသက် ၁၂ - ၁၃ နှစ်မှာ အပြည့်အစုံထွက်လာပါပြီ။ အံဆုံးသွားများကမူ အသက် ၁၈ နှစ်ကျော်လောက်မှာ ထွက်တတ်ပြီး၊ အရွယ်ရောက်ပြီး သူတစ်ယောက်အတွက် စုစုပေါင်း သွား ၃၂ ချောင်း ပိုင်ဆိုင်ပါသည်။ ၄င်းသွားများသည် မသေမချင်း မိမိနှင့် အတူ ဘ၀တစ်သက်တာလုံး အသုံးပြုရမှာဖြစ်ပါသည်။
ယနေ့ခေတ်အခါတွင် အသက် ၇၀ အဖိုးအဖွားတို့မှာ သွားအနည်းဆုံးအချောင်း ၂၀ ရှိသင့်သည်ဟု ကျန်းမာရေးသုတေသီများက သတ်မှတ်ထားသည်။ အကယ်၍ သွားများစွာဆုံးရှုံးရသည့် အသက်အရွယ် ကြီးရင့်သူတွေက၊ သွားဆုံးရှုံးမှုလွန်စွာနည်းသည့် အဖိုးအဖွားတွေထက်သေဆုံးနှုန်း ပိုပြီးမြင့်မားသလို၊ မသန်မစွမ်းဖြစ်မှု ပိုများသည်ကိုလည်း တွေ့ရတတ်ပါသည်။ ထို့ကြောင့် သွားကျန်းမာရေးကောင်းမွန်စေရန် အတွက် ခံတွင်းသန့်ရှင်းမှုကို နေ့စဉ် ဂရုစိုက်သင့်ပေသည်။ သွားများဆုံးရှုံးရသည့် အဓိကအကြောင်းရင်း နှစ်ချက်မှာ သွားဖုံးယောင်ရောဂါနှင့် သွားပိုးစားရောဂါတွေကြောင့်ဖြစ်ပါသည်။ သို့ပါ၍ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓာတ် (၁၂) မျိုးကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။
(၁)ပရိုတင်းဓာတ်က သွားတည်ဆောက်မှုနှင့် သက်ဆိုင်သော တစ်ရှုးများဖွံ့ဖြိုးစေကာ၊ သွား၏ လုပ်ဆောင်ချက်ကို အကျိုးပြုသည်။ (၂) ကယ်လ်စီယမ်ဓာတ်က သွားအပေါ်ယံကြွေသားတွေကို ကောင်းကျိုး ပြုသည်။ (၃) ဖော့စဖရက်က သွားတည်ဆောက်မှု လုပ်ငန်းဆောင်တာကို အားပေးသည်။ (၄) ဇင့်ဓာတ်က သွားနှင့် ခံတွင်းတစ်ရှုးများကို ကောင်းစွာအလုပ်လုပ်နိုင်အောင်အထောက်အပံ့ပေးသည်။ (၅) Antioxidants (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကလည်း သွားနှင့်ခံတွင်း တစ်ရှုးများကို ကောင်းစွာအလုပ်လုပ်နိုင်အောင် အထောက်အပံ့ပေးသည်။ (၆)ဖောလိပ်ဓာတ်က ခံတွင်းတစ်ရှုးများကို ကောင်းကျိုးပြုရုံမျှမက၊ သွားရောဂါ ဖြစ်နိုင်ခြေအလားအလာကို လျှော့ချပေးသည်။ (၇) သံဓာတ်က ခံတွင်းအချွဲမြှေးနှင့်သက်ဆိုင်သော တစ်ရှုးများကို အားဖြည့်ပေးသည်။ (၈) ဗီတာမင်အေကလည်း ခံတွင်းအချွဲမြှေးနှင့်သက်ဆိုင်သော တစ်ရှုး များကို အားဖြည့်ပေးသည်။ သို့သော် ဗီတာမင်အေပမာဏကို လိုအပ်သည်ထက် ပိုမိုသုံးစွဲမိပါက၊ သွားဖုံးကို ပြဿနာဖြစ်စေနိုင်၍ သတိပြုပါ။ (၉) ဗီတာမင်စီက သွားအပေါ်ယံကြွေသားတွေအတွက် မဖြစ်မနေ လိုအပ်သော ကော်လာဂျင်ကို အားဖြည့်ပေးသလို၊ သွားများကို ခိုင်ခန့်စေပါသည်။ (၁၀) အိုမီဂါ-၃ ဖက်တီး အက်ဆစ်က ခံတွင်းအချွဲမြှေးနှင့်သက်ဆိုင်သော တစ်ရှုးများကို အထောက်အပံ့ဖြစ်စေရုံသာမက၊ သွားကိုက်၍ ခံတွင်းရောင်ရမ်းခြင်းဝေဒနာတို့ကိုပါ သက်သာစေသည်။
(၁၁) ဗီတာမင်ဒီက သွားအပေါ်ယံကြွေလွှာကို ကောင်းကျိုးပြုကာ၊ သွားတွေကို ကောင်းစွာအလုပ်လုပ် စေသည်။ (၁၂) ဗီတာမင်ဘီက သွား၏ အတွင်းခံအကာ တစ်ရှုးဆဲလ်တွေကို အကျိုးပြုပေးပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ