နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖရဲသီးနှင့် အသားအရေ ကျန်းမာရေး

ဧပြီ   ၂
ဖရဲသီးသည် နွေဦးရာသီတွင်ပေါ်သည့် ရာသီစာသီးနှံဖြစ်သော်လည်း ယခုအခါ မြန်မာပြည်စျေးကွက်တွင် တစ်နှစ်ပတ်လုံးလိုလို တွေ့ရတတ်ပါသည်။ သို့သော် နွေရာသီဖရဲသီးသည် ပို၍ကြွပ်ဆတ်ကာ အရည်ရွှမ်းပြီး၊ အရသာလည်း ပိုချိုပါသည်။ ဖရဲသီးသည် အနီရောင်နှင့် အဝါရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ အဝါရောင်ထိုင်၀မ် မျိုးသည် အနီရောင်ထက်  ပိုချိုသော်လည်း၊ အတန်ငယ်စျေးပိုကြီးသဖြင့် အနီရောင်ဖရဲသီးကို မြန်မာပြည်မှာ တွင်ကျယ်စွာ စားသုံးကြပါသည်။ မြန်မာပြည်တွင် ဖရဲသီးကို သူ့ချည်းသွားရည်စာ တစ်မျိုးအဖြစ် ခွဲစိတ်စားကြသလို၊ ဖျော်ရည်အဖြစ် သောက်သုံးကြပါသည်။ ဖရဲသီးအခွံနှင့်ကပ်နေသော မချိုသောအပိုင်း (အခေါက်)ကို အသုပ်၊ ဟင်းချို၊ ချဉ်ရည်ဟင်းအဖြစ် ချက်စားနိုင်ပါသည်။ အနီရောင်ဖရဲသီးထဲတွင် Lycopene ဟုခေါ်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးသည် ၈ ရာခိုင်နှုန်းခန့် ပါရှိသည့်အတွက် သဘာ၀  toner တစ်ခုအဖြစ် လူ့အသားအရေကို လှပချောမွေ့စေပါသည်။ ထို့အပြင် ဗီတာမင်အေနှင့် ဗီတာမင်စီ ပါ၀င်သည့်အတွက် အရေပြားပေါ်ရှိပျက်စီးနေသော ဆဲလ်များကိုအသစ်ပြန်လည်ပြုပြင် ပေးပြီး၊ အသားအရေကိုကြည်လင် ဝင်းပလာစေပါသည်။ ထို့ကြောင့် အသားအရေကျန်းမာရေးအတွက် ဖရဲသီးကို နေ့စဉ်စားပေးသင့်ပါသည်။
ဖရဲသီးတစ်လုံးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသဖြင့် ရင်ကိုအေးမြကာ ရေဓာတ် ကြွယ်ဝသော ဖရဲသီးကိုစားခြင်းဖြင့် ရေငတ်ပြေစေပြီး၊ ခန္ဓာကိုယ်တွင်းရှိ အပူရှိန်ကိုလျော့ချပေးနိုင်ပါ သည်။ ထို့အပြင်ခန္ဓာကိုယ်ထဲရှိ ဆုံးရှုံးသွားသော အရည်ဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပြီး၊ လူကို လန်းဆန်းအမောပြေလာစေပါသည်။ အသားအရေခြောက်သွေ့သူများသည် ဖရဲသီးအရည်ကို ပျားရည်ဖြင့် ရော၍ လိမ်းကျံပေးရမည်ဖြစ်ပြီး၊ အဆီပြန်သော အသားအရေပိုင်ရှင်များက ဖရဲသီး(သတ္တုရည်) ဖျော်ရည်ဖြင့် ဘေးဥပဒ် ကင်းဝေးစွာလိမ်းပေးနိုင်ပါသည်။ ထို့အပြင် ဖရဲသီးကိုသုံး၍ မျက်နှာပေါင်းတင်နိုင်ပါသည်။ ဖရဲသီးကို အရည်ညှစ်ချပြီးနောက်၊ ကျန်ရှိသောအဖတ်များကို မျက်နှာနှင့်လည်ပင်းအနှံ့ အသာအယာပွတ်လိမ်းပါ။ မိနစ် ၂၀ ခန့်အကြာ ရေသန့်ဖြင့် ပြန်လည်ဆေးကြောပေးခြင်းဖြင့် မျက်နှာတွင် အစိုဓာတ်ကိုရရှိစေခြင်း၊ ပို၍ဖြူစင်ဝင်းပလာခြင်း၊ နေလောင်ကွက်များကို ပျောက်ကင်းခြင်း၊ အသားအရေအရောင်မညီခြင်းကို သက်သာစေခြင်း စသည့်ကျန်းမာသောအသားအရေပိုင်ရှင်ဖြစ်လာပါလိမ့်မည်။
သတိပြုရန်မှာ မည်သည့်အစားအစာမျိုးကိုမဆို နှစ်သက်သော်လည်း၊ အလွန်အကျွံမစားသင့်ပေ။ ဖရဲသီးကို လွန်လွန်ကျူးကျူးစားမိပါက လေပွခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်းနှင့် ဝမ်းသွားစေပါသည်။ လတ်ဆတ်ရင့်မှည့်၍ အရသာကောင်းမွန်သော ဖရဲသီးတစ်လုံးရရှိရန်အတွက် ဖရဲသီးဝယ်ရာတွင် အရွေးမမှားရန် အကြံပြုလိုပါသည်။
(၁)    ဖရဲသီးကို အသာအရာရိုက်ကြည့်ရာ၌ ဘုတ်...ဘုတ်ဟူသော လိုဏ်သံထွက်ပါက ထိုဖရဲသီးသည် မှည့်နေပြီး အလွန်ချိုပါသည်။
(၂)    ပို၍လေးသောဖရဲသီးသည် အရည်ရွှမ်းပါသည်။
(၃)    အရည်လည်းရွှမ်းကာ အရသာချိုမြသော ဖရဲသီးကိုစားလိုပါလျှင်၊ တစ်ဘက်ကစိမ်း၍ အခြား တစ်ဘက်က အဝါရောင်သန်းသော အသီးကို ရွေးချယ်ဝယ်ယူပါ။ အဘယ်ကြောင့်ဆိုသော် ဖရဲသီး၏ သဘောသဘာဝသည် မြေပြင်ပေါ်တွင် လဲလျောင်း၍ပေါက်သော အသီးဖြစ်သဖြင့်၊ အသီး၏တစ်ဘက် သည်အပေါ်မှ နေရောင်ခြည်ကြောင့် ကောင်းစွာရင့်မှည့် ဝင်းဝါလာသည့် လက္ခဏာဖြစ်ပါသည်။ “ဖရဲသီး စားသုံးခြင်းသည် ခန္ဓာကိုယ်အတွက် အားတိုးဆေးစွမ်းတစ်လက် မှီဝဲခြင်းနဲ့ အလားတူကြောင်း” အမေရိကန်နိုင်ငံ၏ တက္ကဆက်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးဗဟိုဌာနမှ အကြံပြုထောက်ခံထားပါသည်။ သို့ပါ၍ ဘေးထွက်ဆိုးကျိုးမရှိသော ဖရဲသီးကိုမြန်မာပြည်သူ၊ ပြည်သားများ နေပူပူရင်ပူပူတွင်ဘေးဥပဒ် ကင်းဝေးစွာစားသုံးနိုင်ကြပါစေကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ