နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြီးကောင်ပေါက်နဲ့. ဖုန်းချက်တင်

မတ်       ၃၁

ဆယ်ကျော်သက်ရွယ်အများစုသည် ဟန်းဖုန်းအပေါ်မှာ နှစ်သက် စွဲလန်းလွန်းသဖြင့်၊ ဖုန်းမပါဘဲ အိပ်ရာမ၀င် တတ်ကြတော့ပေ။ ညစဉ်ညတိုင်း အိပ်ရာထဲမှာ ဖုန်းဖြင့် game ဆော့ခြင်း (သို့မဟုတ်) စာရိုက် chatting တွေပြောနေကြသဖြင့် အိပ်စက်ချိန်နောက် ကျလေ့ ရှိကြပြီး၊ နောက်တစ်နေ့ နံနက် ကျောင်းစာသင်ခန်းထဲ ရောက်သည့်အခါ သန်းဝေငိုက်မျဉ်းခြင်း၊ အိပ်ရေးမဝ ဖြစ်ကာ ကျောင်းစာအပေါ်မှာ အာရုံမစိုက်နိုင်တော့ပေ။ ထိုသို့ စွဲလန်းခြင်းသည် ပညာရေးကို ထိခိုက်လာစေသည့် အပြင် ကျန်းမာရေး၊ လူမှုရေးတွေမှာပါ ပြဿနာရှိလာ နိုင်သည်။ မြီးကောင်ပေါက်များ ညဖက် chatting  စာရိုက်ခြင်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုရှိ Rutgers New Jersey Medical School မှ Dr.Xue Ming က “ လူငယ်တွေ အီလက်ထရောနစ်ပစ္စည်းတွေ ပေါ်မှာ စွဲလန်းလွန်းနေတာကို လူကြီးမိဘတွေ အနေနဲ့ လမ်းကြောင်းမှန်ကို တည့်မတ်စောင့်ကြပ်ပေးဖို့လိုပါတယ်၊ သူတို့လေးတွေ ဖုန်းစွဲနေတာဟာ အိပ်ရာ၀င်ချိန်နောက်ကျသွားတာကြောင့် အိပ်ရာထချိန်လည်း မမှန်တော့ဘူး၊ အဲဒီအခါမှာ ကျောင်းစာတွေ မလိုက်နိုင် ဖြစ်ကုန်ကြပါတယ်၊ လေ့လာစမ်းစစ်မှုမှတ်တမ်းအရ အသက် ၈ နှစ်မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်တွေမှာ အီလက်ထရောနစ် သုံးစွဲချိန်ဟာ ပျမ်းမျှ တစ်နေ့ကို ၇ နာရီ၊ ၇ နာရီခွဲ လောက် ကြာအောင် သုံးနေကြတာကို တွေ့နေရပါတယ် ”  ဟုဆိုသည်။ ဆက်လက်၍ Dr.Xue Ming က “ ကျောင်း သူ ကျောင်းသားတွေအနေနဲ့ တစ်ညကို နာရီ၀က်ထက် ပိုပြီး ဖုန်းမသုံးသင့်ပါဘူး၊ ဆယ်ကျော်သက်အရွယ်တွေသာ မကပါဘူး ညဘက်အိပ်မပျော်လို့ဆိုပြီး ဆေးရုံကို လာပြကြတဲ့ လူနာအများစုဟာ စမတ်ဖုန်းတွေကို ညဖက် အသုံးများသူတွေ ဖြစ်နေတာကို တွေ့ရပါတယ် ”  ဟု သတိပေးထားသည်။ ထိုသို့ စမတ်ဖုန်းစွဲလန်းမှုပြဿနာနှင့် ပတ်သက် ပြီး New Jersey Medical School မှ သုတေသီ အဖွဲ့တစ်ဖွဲ့သည် လူဦးရေ ၁၅၃၇ ဦးကို လေ့လာ ခဲ့ရာမှာ၊ ဖုန်းထဲမှထွက်ရှိသော အီလက်ထရောနစ် အပြာရောင် အလင်းတန်းသည် လူကို အိပ်ချင်စိတ် ဖြစ်ပေါ်စေသည့် ဦးနှောက်မှ melatonin ဓာတ်ထွက်ရှိ လာမှုကို ဟန့်တားပစ်လိုက်သဖြင့် အိပ်ချင်စိတ်ကိုတဖြည်းဖြည်း နောက်ဆုတ်သွားစေကြောင်း လေ့လာ တွေ့ရှိ ရပါသည်။ ထိုမျှမက ညအမှောင်ထဲမှာ မျက်စိမှိတ်ပြီး ဖုန်းပြောခြင်းကလည်း အိပ်စက်မှုကို ထိခိုက်စေ ပါသည်။ အဘယ်ကြောင့်ဆိုသော် စမတ်ဖုန်းက ထွက်ရှိ သည့် အီလက်ထရောနစ် အပြာရောင်အလင်းတန်းက မျက်ခွံမှတစ်ဆင့် ထိုးဖောက်၀င်ရောက်သွားပြီး အာရုံခံ အဖွဲ့အစည်းကို ကမောက်ကမဖြစ်စေကာ အိပ်ချင်စိတ်ကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အထူး သတိပြုရန်မှာ ညဖက် စမတ်ဖုန်း များကိုသုံးစွဲသည့်အခါ လျှပ်စစ်မီး အလင်းရောင်ရရှိနိုင်သော နေရာမှာသာ သုံးစွဲသင့်ပါသည်။

 ယင်းလျှပ်စစ်မီးအလင်းရောင်က ဖုန်းထဲမှ ယိုစိမ့်ထွက်လာသည့် အပြာရောင်အလင်းတန်းကို တန်ပြန်တိုက်ထုတ်ပေးနိုင်၍၊ ဦးနှောက်မှ melatonin ဓာတ်ထွက် ရှိလာမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေကာ အိပ်မပျော်ခြင်းပြဿနာကို သက်သာ ပြေလျော့စေနိုင်ပါသည်။

သို့ပါ၍ ညဘက်ဖုန်း ကြာကြာပြောခြင်း (သို့မဟုတ်) game ဆော့ခြင်း (သို့မဟုတ်) ဖုန်း chatting စာရိုက်သည့်အခါ မီးမှိတ်ထားသည့် အိပ်ရာထဲမှာ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ကြောင်း၊ ကြီးကောင်၀င်စအရွယ်တွေမှာ ဘက်စုံကျန်းမာရေးအတွက် တစ်ညကို ၈ နာရီ (သို့မဟုတ်) ၈ နာရီခွဲခန့်ကြာ အောင် အိပ်ရေး၀၀ အိပ်စက်သင့်၍၊ လူကြီးမိဘများ အနေဖြင့် မိမိ၏ သားသမီးများ ညအချိန်ခါ  ဖုန်းသုံးခြင်း ကို သတိပြုစောင့်ကြပ်လေ့လာသင့်ပါကြောင်း အကြံပြု လိုက် ရပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ