နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးပညာပေးခြင်း

မတ်  ၂၈

ကျန်းမာရေးပညာပေးခြင်းဟာ ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်း၊ ရောဂါဖြစ်ဆဲကြိုတင်ကာကွယ်ခြင်း၊ ရောဂါဖြစ်ပြီးကြိုတင်ကာကွယ်ခြင်းတို့ ပါဝင်ကာ ရောဂါကုသရေးနဲ့၊ ရောဂါထိန်းချုပ်ရေးမှာ မဖြစ်မရှိလိုအပ်တဲ့ဝန်ဆောင်မှုတစ်ရပ်ပဲဖြစ်တယ်။ (၂၁)ရာစုမှာ မီဒီယာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူမှုကွန်ရက်များဖြစ်တဲ့ ဖေ့ဘွတ်(Facebook)၊ အင်စတာဂရမ်(Instagram)၊ တွစ်တာ(Twitter)ကနေ ပါဆောင်ရွက်လာနိုင်လို့ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်ပြီပဲဖြစ်တယ်။

ယခင်က ကျန်းမာရေးဗဟုသုတနည်းပါးလို့ ရောဂါဖြစ်တာထိုင်ကြည့်ပြီး သေဆုံးမယ့်အချိန်စောင့်နေရတဲ့ဘဝကနေ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဝေမျှလာနိုင်ပြီပဲဖြစ်တယ်။ မှန်ကန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သေးတဲ့ရောဂါပပျောက်အောင် ကြီးတဲ့ရောဂါ မခွဲမစိတ် သေးငယ်သွားအောင် လုပ်ဆောင်လာနေကြတယ်။ ဆရာဝန်ရဲ့တာဝန်(၃)ရပ်က ရောဂါကုသရေး၊ ကာကွယ်ရေးနဲ့ ပညာပေးရေးတို့ ပါတယ်။ ရောဂါကုသပေးရုံသက်သက်နဲ့ အားလုံးကျန်းမာ(Health For All)မဖြစ်နိုင်တော့ပါဘူး။

ကျန်းမာရေးပညာပေးခြင်းနဲ့ ရောဂါကာကွယ်ရေးကို အခြေခံအုတ်မြစ်အဖြစ်ရှုမြင်ပြီး ကုသရေး၊ ကာကွယ်ရေး၊ ပညာပေးခြင်းဆိုတဲ့ တာဝန်(၃)ရပ်ကို ဟန်ချက်ညီဆောင်ရွက်လာကာ အောင်မြင် လာတယ်ဆိုတယ်။ အမှန်စစ်စစ်ရောဂါအများအပြားဟာ ကာကွယ်လို့ရကြပါတယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းများလည်း ရှိတာပါတယ်။ အများပြည်သူကမသိရင် သိပင်သိငြားမလိုက်နာရင် လိုက်နာလိုစိတ်ရှိ ပေမယ့် တကယ်လက်တွေ့မလိုက်နာရင် ကျန်းမာရေးပညာပေးခြင်းဟာ အချည်းနှီးပဲဖြစ်တယ်။
ဗဟုသုတပြည့်စုံရုံနဲ့မပြီးသွားပါဘူး။ အိပ်ချအိုင်ဗွီပညာပေးရမှာ ကူးစက်နိုင်တဲ့အခြေအနေ ကြိုတင်ကာကွယ်နိုင်တဲ့နည်းလမ်းများ မလွဲသာလို့ရှောင်ရှားလိုရင် အရေးပေါ်ဆေးဝါးစသဖြင့် ကျန်းမာရေးနဲ့ပြည့်စုံတဲ့ နည်းလမ်းများစွာ ရှိပါတယ်။

အပျော်အပါးမရှောင်နိုင်သူတွေအတွက်လည်း အစွပ်(Condom)သုံးစွဲဖို့ထိမှာထား တယ်။
ကျန်းမာရေးပညာပေးရာမှာ ကျန်းမာရေးဆိုင်ရာအသိဗဟုသုတရအောင် ပေးပါတယ်။ သိထားတဲ့ အသိကိုလက်ခံနားလည်အောင် စည်းရုံးရပါတယ်။ အပြောလွယ်သလောက် လက်တွေ့ခက်ခဲတတ်ပါတယ်။ မီဒီယာနဲ့ပညာပေးခြင်းဟာ ၁၉၂၀ ပြည့်နှစ်ကတည်းက စာအုပ်၊ စာစောင်၊ ပိုစတာ၊ ကြော်ငြာတို့မှာ ကြော်ငြာတယ်။ ရေဒီယိုခေတ်မှာ ရေဒီယို၊ ရုပ်မြင်သံကြားခေတ်မှာ ရုပ်မြင်သံကြားနဲ့ ကြော်ငြာလာတယ်။

အချို့ကမီဒီယာနဲ့ ကြော်ငြာခြင်းဟာ တစ်လမ်းသွားပညာရေးလို့ ဆိုကြတယ်။ အမေး၊အဖြေနဲ့ ဇာတ်တိုက်ထားပြီး လုပ်ဆောင်ခြင်းရှိ၊ မရှိ ပြန်လည်ဆန်းစစ်မှုမရှိဘူး။ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း လိုအပ်ချက်များရှိနေပါတယ်။ တစ်လမ်းသွားပညာရေးစနစ်လို့ လူတွေခေါ်ဝေါ်နေကြတာဖြစ်တယ်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်၊ ဖေ့ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်၊ သတင်းစာ၊ ဂျာနယ်၊ ပိုစတာ၊ ပြခန်းတွေနဲ့ ဆွဲဆောင်တာရှိသလို ရိုးရာပွဲတော်တွေမှာ ပညာပေးခန်းအဖြစ် တစ်ခုတ်တစ်ရပြသလာကြပါတယ်။ ဘယ်လိုပြောမလဲ။ လူတွေကို အတုံးလိုက်အတစ်လိုက် ပညာပေးတာထက် နည်းနည်းနဲ့ထိရောက်တာကကောင်း ပါတယ်။

ရုပ်မြင်သံကြား၊ တီဗွီကတစ်ဆင့် ကျန်းမာရေးပညာပေးတာဟာ အထိရောက်ဆုံးလို့ဆိုတယ်။ ယခုဖေ့ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ်က ပိုပြီးထိရောက်တယ်လို့ ဆိုလာပြန်တယ်။ ရုပ်လည်းမြင်ရ၊ အသံလည်းကြားရဖြစ်တဲ့အတွက် မြင်မှယုံသူများတော်တော်ထိရောက်ပါတယ်။ ပြည်သူလူထုထဲ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် သိရှိနိုင်ရေးရုပ်မြင်သံကြားမှ ပညာပေးကြလာပါတယ်။ မှန်ကန်တဲ့ကျန်းမာရေးအသိကို ဖော်ညွှန်းနိုင်တယ်။ ပေးချင်တဲ့သတင်းနဲ့အကြောင်းအရာကို ထိထိရောက်ရောက် ပေးလာနိုင်ပါတယ်။
ရုပ်မြင်သံကြားမရှိခင်က ရေဒီယိုဟာ တော်တော်အရေးပါတဲ့ ဆောင်ရွက်မှုပဲဖြစ်တယ်။ လျှပ်စစ်ဓာတ်အားနဲ့ ရုပ်မြင်သံကြားမရှိသူများ ဗီဒီယို၊ ရုပ်သံကို မော်တော်ကားဘက်ထရီနဲ့ ဖွင့်နိုင်အောင်ကြိုးစားလာတယ်။ ရေဒီယိုကတော့ လူအများထဲ အားထားစရာဖြစ်နေဆဲဖြစ်တယ်။ တော်တော်လည်းထိရောက်တယ်။ ပြည်သူလူထုထဲ မှန်ကန်တဲ့ကျန်းမာရေးအသိ ပေးနိုင်တယ်။ ပေးချင်တဲ့သတင်းကို ထိရောက်စွာ တင်ပြနိုင်ပါ တယ်။ သတင်းထုတ်ပြန်ချက်၊ ပို့ချချက်၊ ဉာဏ်စမ်းပဟေဠိများ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပညာပေးဆောင်ရွက် နိုင်ပါတယ်။

  အရှိန်အဟုန်နဲ့ ကြီးထွားလာတာမီဒီယာပဲဖြစ်တယ်။ ကျန်းမာရေး၊ ပညာရေးဝက်ဆိုဒ်(Website)ကိုယ်စီရှိပြီး အများ(သို့)အကုန်အမှန်တင်လို့မဖြစ်ပြန်ဘူး။ ဝေဖန်ပိုင်းခြားပြနိုင်ပါမှ အသိများများ၊ အမြင်များများ ဆင်ခြင်နိုင်ပါတယ်။ စစ်မှန်တဲ့ ကျန်းမာရေးအသိပေးတဲ့ ဝက်ဆိုဒ်(Website) ထူထောင်ပြီး ပညာပေး ခြင်းမြှင့်တင်နိုင်ပါတယ်။
တီဗွီ၊ ရေဒီယို ပြီးရင်အလျင်အမြန်ဆုံးပညာပေးနိုင်တဲ့ ဗီဒီယာက၊ သတင်းစာပဲဖြစ်တယ်။ သတင်းစာက ပညာပေးနိုင်တယ်။ ပုံနှိပ်မီဒီယာဖြစ်လို့ မကျေနပ်သေးရင် ထပ်ခါထပ်ခါပြန်ဖတ်နိုင်တယ်။ သတင်းစာမရောက် ရင် သတင်းစာရှိလည်း စိတ်ဝင်တစားဖတ်ခြင်းမရှိပြန်ရင် ထိရောက်မှုမရှိပြန်ဘူး။

မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များဟာ လူထုကိုပညာပေးရာမှာ ကာလအတန်ကြာတဲ့ထိ သြဇာညောင်း တယ်။ သတင်းစာကို ပူပူနွေးနွေးမဟုတ်တဲ့တိုင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်တယ်။ အများသူငါထင်သာ မြင်သာအောင် ပညာပေးပိုစတာများနဲ့ ပညာပေးနိုင်တယ်။ ပညာပေးလို့ရတဲ့ရည်ရွယ်ချက်ကို ထင်းကနဲမြင်ဖို့ လိုတယ်။ လက်ကမ်းစာစောင်မှာ စိတ်ဝင်စားဖွယ် ဓာတ်ပုံ၊ ကာတွန်းနဲ့ အဓိကသိသင့်သမျှ ပညာပေးနိုင်တယ်။

  ကျန်းမာရေးပြခန်းနဲ့ ပြတိုက်တွေက နေ့ထူးနေ့မြတ်တွေမှာ ပြခန်း၊ ပြကွက်တို့နဲ့ လူထုအတွင်း မြင်အောင် ပညာပေးနိုင်တယ်။ ပြခန်းနဲ့တွဲကာ လူထုဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပဟေဠိများစတဲ့ အများ ပြည်သူ ပါဝင်အောင်ထိရောက်တဲ့ ပညာပေးခြင်း ဖန်တီးနိုင်ပါတယ်။

 ရိုးရာဂီတ၊ တေးသီချင်းတို့နဲ့ ပညာပေးခြင်း၊ ပညာပေးကပွဲ၊ ပညာပေးဇာတ်လမ်းများပေးနိုင်ပါတယ်။ လူကိုခင်ရင်၊ ပညာပေးပိုမိုသာလွန်ပါတယ်။
 ကိုဗစ်ကပ်ရောဂါကာလမှာ ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံလာတဲ့တိုင် ရောဂါမဖြစ်စေနိုင်တဲ့ အကာကွယ်များဖြစ်တဲ့ နှာခေါင်းစည်း(Surgical Mask)တပ်ခြင်း၊ လက်ကိုရေ၊ ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောစေခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး ၆ ပေကွာခြင်း၊ လူစုလူဝေးရှောင်ခြင်း စတဲ့ကြိုတင် ကာကွယ်နည်းလမ်းများ ထုတ်ပြန်ကြော်ငြာထားရာ၊ ယခုဆိုရင် ထိရောက်မှုရှိလာသလို ရောဂါကူးစက်မှု လည်းကျဆင်းလာပါတယ်။ ။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ