ကော့သောင်း မတ် ၂၆
မတ် ၂၅ ရက်၊ မွန်းလွဲ ၁ နာရီချိန်တွင် ကော့သောင်းတပ်နယ်မှ ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်အတွင်း သတင်းအရ ရှာဖွေခဲ့ရာ ညနေ ၃ နာရီခွဲတွင် ရွှေပြည်သာရပ်ကွက်၊ ဆရာစံလမ်း၊ ငြိမ်းချမ်းရေးကွက်သစ်ရှိ ဦးမျိုးသက်ဦးပိုင်ဆိုင်သည့် ငါးခန်းတွဲ၊ အခန်းအမှတ်(၄)တွင် အိမ်ငှားနေထိုင်သူ ဦးဝင်းနိုင်(ခ) ကျော်နိုင်(၄၅)နှစ်၊ (ဘ)ဦးမောင်မြင့်၊ ဆရာစံလမ်း၊ ရွှေပြည်သာရပ်ကွက်၊ ကော့သောင်းမြို့နေသူ၏ အခန်း၌ ၎င်းနှင့်အတူ ဦးအောင်ဆန်းဦး(၂၈)နှစ်၊ (ဘ)ဦးဝင်းမြင့်၊ နတ်ရှင်နှောင်လမ်း၊ ရွှေပြည်သာရပ်ကွက်၊ ကော့သောင်းမြို့နေသူနှင့် ဦးနေရဲ(၂၃)နှစ်၊ (ဘ)ဦးသားကို၊ အောင်မြန်မာကျေးရွာ၊ အောင်ဘာကျေးရွာအုပ်စု၊ ကော့သောင်းမြို့နယ်နေသူ(၂)ဦး၊ ပေါင်း(၃)ဦးတို့နှင့်အတူ ဘိန်းစာမှုန့်(၉၀)ဂရမ်ခန့်ပါ (၂၇ဝ)ထုပ်နှင့် အရိုးအသွား ၃၄ လက်မခန့်ရှိ ဓားရှည်တစ်ချောင်း၊ အရိုး/အသွား ၂၈ လက်မခန့်ရှိ ဓားရှည်တစ်ချောင်း၊ အရိုး/အသွား ၁၁ လက်မခန့်ရှိ ဓားရှည်တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား မတ် ၂၆ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ကော့သောင်းမြို့မ ရဲစခန်းမှ မယ(ပ) ၂၉/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆွေဦး